News

POST TYPE

LATEST NEWS POST

ရန်ကုန်-မီလန် တိုက်ရိုက် လေကြောင်းခရီးစဉ် ပြေးဆွဲရန် စီစဉ်
ရန်ကုန်၊ ဩဂုတ် ၂၀

အီတလီအခြေစိုက် လေကြောင်းလိုင်းဖြစ်သော Neos လေကြောင်းလိုင်းသည် Milan–Malpensa လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ အောက်တိုဘာလကုန်မှစ၍ ပျံသန်းပြေးဆွဲရန် စီစဉ်နေကြောင်း Neos လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

ဥရောပငွေကြေး ယူရိုလေးရာကျော်မှစ၍ ကိုးရာကျော်အထိ လေယာဉ်လက်မှတ်ခများကို အမျိုးအစားခွဲကာ သတ်မှတ်ထားပြီး အောက်တိုဘာ ၃၀ ရက်မှစ၍ နိုဝင်ဘာနှင့်ဒီဇင်ဘာလများရှိ အပတ်စဉ် အင်္ဂါနေ့များတွင် ခရီးစဉ်ထွက်ရှိမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာများတွင် ကြေညာထားသည်။

“အီတလီသံရုံးကနေပြီး ဒီလေကြောင်းလိုင်းကို အီတလီရဲ့ အမျိုးသားလေကြောင်း လိုင်းအဖြစ်ပြေးဆွဲဖို့ လက်ခံအသိအမှတ်ပြုကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် အဆင့်ဆင့်အကြောင်းကြားထားတဲ့ စာကိုတော့ လက်ခံရရှိထားတယ်။ သူတို့ ခရီးစဉ်ပြေးမယ်ဆိုတဲ့အတိုင်း ဖြစ်နိုင်ဖို့တော့ မလွယ်ဘူး။ ကြားထဲမှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိသေးတယ်”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနှင့် အီတလီ နှစ်နိုင်ငံကြားတွင် အပြန်အလှန် လေကြောင်းပျံသန်းရန် ကနဦး သဘောတူညီချက် ရှေးယခင်က လက်မှတ်ရေးထိုးမှုများရှိထားကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“အကယ်၍ပြေးဆွဲရင်တော့ ဧည့်သည်တွေအတွက် ကောင်းတာပေါ့။ ဒါပေမဲ့ ဧည့်သည်လာတဲ့နှုန်းနဲ့ လေယာဉ်ပျံသန်း ပြေးဆွဲဖို့ဆိုရင်တော့ ဧည့်သည်ပြည့်ဖို့ တော်တော်ရှာရလိမ့်မယ်”ဟု အီတလီ ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပြုသည်။

Neos လေကြောင်းလိုင်းသည် အီတလီအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ဥရောပတောင်ပိုင်း၊ ရုရှား၊ အာဖရိက၊ အာရှ၊ မက္ကဆီကို၊ ဘရာဇီး အစရှိသည့်နိုင်ငံများကို ဘိုရင်းလေယာဉ် အမျိုးအစားများဖြင့် အဓိကပျံသန်းပြေးဆွဲနေသည့် လေကြောင်းလိုင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း၏ အဖွဲ့ဝင်လေကြောင်းလိုင်းတစ်ခုလည်း ဖြစ်သည်။

J-14