News

POST TYPE

LATEST NEWS POST

မော်တင်စွန်းကမ်းခြေတွင် ဝေလငါးအသေတွေ့
20-Aug-2018



ပုသိမ်၊ သြဂုတ် ၂၀

မော်တင်စွန်းကမ်းခြေ ကြာကန်ရွာအနီး ကမ်းနီအကွေ့ပင်လယ်ကမ်းစပ်တွင် ပုပ်ပွနေသည့် ဝေလငါးအသေတစ်ကောင်ကို ယနေ့ သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့ကြသည်။

ဝေလငါးသည် အလျား ၃၂ ပေ၊ လုံးပတ်ပေ၂၀ ခန့်ရှိပြီး ယင်းဒေသတွင် ပထမဆုံးတွေ့ရှိရသည့် Physeter Catodon ဝေလငါးမျိုးစိတ်ဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ပြောဆိုသည်။

ဒေသခံ ဦးတင့်လွင်က “ကမ်းနီအကွေ့မှာ ဒီရာသီချိန်ဆိုရင် လှိုင်းထန်ပြီး ရေဝဲရှိတဲ့အချိန်ပါ။ ပင်လယ်ရေစီးကြောင်း ရေဝဲထဲကို ပင်လယ်ထဲမှာ အကြောင်းကြောင်းအမျိုးမျိုးနဲ့ သေသွားပြီးတော့ ကမ်းခြေမှာလာတင်တာပါ”ဟု သုံးသပ်သည်။ 

ယခုတွေ့ရှိသော ဝေလငါးသည် ပုပ်ပွနေပြီဖြစ်၍ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရယူကာ ဖျက်ဆီးမြေမြှုပ်ပစ်ရန် ကြာကန်ရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက စီစဉ်နေပြီဖြစ်သည်။ ထိုကမ်းခြေသို့ ၂၀၁၆ ခုနှစ်ကလည်း အရှည်ပေ ၃၀ ခန့်ရှိ သေဆုံးပြီးသော ဝေလငါးအသေတစ်ကောင် သောင်တင်ခဲ့ဖူးသည်။

R-12