POST TYPE
LATEST NEWS POST
ဂေါက်ကွင်းအဖြစ် သိမ်းဆည်းထားသော မြေများအတွက် လျော်ကြေးပြန်ပေးမည်
19-Aug-2018
ပြည်၊ ဩဂုတ် ၁၈
ပြည်မြို့နယ်အတွင်း ကျေးရွာသုံးရွာရှိ တောင်သူများထံမှ ဂေါက်ကွင်းအဖြစ် သိမ်းဆည်းထားသော မြေများအတွက် လျော်ကြေးငွေများ ပေးအပ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်က ကတိပေးပြောဆိုထားရာ လက်ရှိအဆိုပါမြေများကို ပြန်လည်စိစစ်နေကြောင်း ပြည်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသက်ဝင်းလှိုင်ကပြော ကြားသည်။
“ခေတ်နဲ့လျော်ညီတဲ့ ဒေသပေါက် ဈေးမျိုးရအောင် ပြန်လည်တင်ပြသွားရမှာပေါ့။ နောက်ဆုံးသက်သေခံကွင်း မြေပုံတွေကနေပြီးတော့ မူပိုင်စာရင်းတွေ နောက်ပိုင်ဆိုင်မှုအထောက်အထားတွေကို ကျွန်တော်တို့ပြန်စိစစ်ပြီးတော့ အစိုးရအဖွဲ့ကို တင်ပြသွားမှာပါ”ဟု ၎င်းက ဆိုသည်။
အနီးစပ်ဆုံးအဖြစ် ၂၀၁၈- ၂၀၁၉ ဘတ်ဂျက်တွင်ပြန်လည်မရရှိပါက ၁၉-၂၀ ဘတ်ဂျက်တွင် ပြန်လည်ရရှိရန်ကြိုးစားပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“သိမ်းတုန်းကလည်း ဒီအတိုင်းပဲ သိမ်းသွားတာ စိုက်ပျိုးပြီးသား သီးနှံတွေတောင် မရခဲ့ဘူး။ သီးနှံလျော်ကြေး မြေယာလျော်ကြေးဆိုတာလည်း မရခဲ့ဘူး။ သားသမီးတွေပညာရေး၊ စားဝတ်နေရေးကစ အဆင်မပြေခဲ့ဘူး။ ကျွန်တော်တို့မြေတော့ ပြန်လိုချင်တာပေါ့။ အခုလိုလျော်ပေးမယ်ဆိုတော့လည်း ကာလပေါက်ဈေးလေးအတိုင်း လုပ်ပေးစေချင်တယ်”ဟု ထမ္မကောက်ကျေးရွာမှ မြေသိမ်းခံတောင်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ မြေများပြန်လည်ရရှိရန်အတွက် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်မှစတင်ကာ နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာန အသီးသီးသို့ တိုင်ကြားစာများပေးပို့ခြင်း၊ မြေများပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ် စက်တင်ဘာလကလည်း တီတွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် သိမ်းဆည်းခံတောင်သူများ တွေ့ဆုံချိန်တွင် အဆိုပါမြေများအား လျော်ကြေးပြန်လည်ပေးအပ်မည့်အကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါ မြေများကို ၁၉၉၆ - ၉၇ ခုနှစ်တွင် သဲကုန်းမြို့နယ်အခြေစိုက် တပ်မ (၆၆) က ထမ္မကောက်၊ တီတွတ်၊ စံပြကျေးရွာ သုံးရွာမှ တောင်သူ ၁၉ ဦး ပိုင်ဆိုင်သော လယ်မြေ၊ ယာမြေနှင့်၊ အိမ်ခြံမြေစုစုပေါင်း ဧက ၇၅ ဒသမ ၄၀ ဧကကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
M-06
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019