News

POST TYPE

LATEST NEWS POST

ရန်ကုန်ဆေးရုံကြီးတွင် အလှူလုပ်လိုပါက ခွင့်ပြုချက် ယူရမည်
ရန်ကုန်၊ ဩဂုတ် ၁၈

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသူများကို အာဟာရနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းလိုပါက ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီးက ထုတ်ပြန်လိုက်သည်။

“လောလောဆယ်က လက်ရှိလှူဒါန်းထားတာတွေ စာရင်းကောက်ပြီးရင် စမှာပါ။ ဒီလအတွင်း ဖြစ်နိုင်ပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံးစမှာပါ”ဟု ရန်ကုန်ဆေးရုံကြီး၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောဆိုသည်။

ရန်ကုန်ဆေးရုံကြီးရှိ အချို့သောလူနာဆောင်များတွင် လှူဒါန်းထားသည့် အာဟာရများမှာ လိုအပ်သည်ထက် ပိုမိုများနေပြီး အချို့သောလူနာဆောင်များတွင်မူ လှူဒါန်းမည့်အလှူရှင် မရှိဖြစ်နေကြောင်း၊ အစားအသောက်များသည် လူနာများစားသောက်ရန် မသင့်လျော်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း (ဥပမာ-ဆီးချိုရောဂါရှင်များအား အချိုရည်များ လှူဒါန်းခြင်း) စသည့်အချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် အချို့အလှူရှင်များသည် ရန်ကုန်ဆေးရုံကြီး၏ ပရိဝုဏ်အတွင်းရှိ မျက်နှာစာများတွင် လှူဒါန်းသည့်အခါ အလှူလက်ခံ တန်းစီယူသောသူများသည် ပိုလျှံသော အစားအသောက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ ခွေးကျွေးခြင်းတို့ ပြုလုပ်သဖြင့် ဆေးရုံဝင်းအတွင်း ခွေးလေ ခွေးလွှင့်များ၊ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ် များပြားလာသောကြောင့် ရောဂါကုသမှုနှင့် ကာကွယ်ရေးအတွက် မလိုလားအပ်သည့် ရောဂါပိုးမွှားများ ဝင်ရောက်ခြင်း၊ ကူးစက်ခြင်းအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ယင်းဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးတွင် အလှူပြုလုပ်လိုသူများအနေနှင့် လှူဒါန်းလိုသော အစားအသောက်၊ အသုံးအဆောင်၊ အမျိုးအမည်၊ နေ့ရက်နှင့် အချိန်၊ လူနာဆောင်နှင့် လူနာအရေအတွက်တို့ကို ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ထံသို့ အနည်းဆုံး သုံးရက်ကြိုတင်၍ ဖုန်းနံပါတ် ဝ၁- ၃၇၄၉၂၃၊ ဝ၁-၃၇၉၈၆၂၊ ဝ၁-၂၅၂၇၁၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

J-12