News

POST TYPE

LATEST NEWS POST

ဒါရိုက်တာ မိုက်တီးကို မူးယစ်အမှုဖြင့် ရုံးထုတ် ချုပ်ရမန်ယူ
17-Aug-2018



ရန်ကုန်၊ သြဂုတ် ၁၇

WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ပြားနှင့်အတူ ဖမ်းမိခဲ့သည့် ဒါရိုက်တာ မိုက်တီးကို သြဂုတ် ၁၇ ရက် (ယနေ့) မွန်းလွဲ ၃ နာရီခွဲက တာမွေမြို့နယ် တရားရုံးတွင် မူးယစ်အမှုဖြင့် ရုံးထုတ် ချုပ်ရမန်ယူခဲ့သည်။

“ဒီမနက် သူ့ (မိုက်တီး) ကို ဆေးသွားစစ်ခဲ့တယ်။ ရဲစခန်းအချုပ်မှာ ထိန်းသိမ်းစစ်ဆေးဖို့အတွက် တာမွေမြို့နယ် တရားရုံးမှာ သြဂုတ်လ ၃၁ ရက်နေ့အထိ ချုပ်ရမန်ယူထားတယ်”ဟု ရဲအရာရှိက ပြောသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆ (ဂ)ဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံရသည့် ဒါရိုက်တာမိုက်တီးမှာ သြဂုတ်လ ၁၆ ရက် ည ၁၁ နာရီက အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယာဉ်စစ်ပိတ်ဆို့အဖွဲ့က စစ်ဆေးရာမှ ၎င်းမောင်းနှင်လာသည့် MAZDA Deimo အမျိုးအစား မော်တော်ယာဉ်ပေါ်မှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ပြားနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ငွေရောင်ခဲပြားစနှင့် ဂက်စ်မီးခြစ်တို့ကို ရှာဖွေသိမ်းဆည်းရမိမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၅၃ နှစ်အရွယ် ဒါရိုက်တာ မိုက်တီး (ခ) သန်းထွန်းဇော်၏ အမှုမှာ မူးယစ်အမှုဖြင့် ဖမ်းဆီးခံရသည့် ရွှေထိုက်အမှုနှင့် ပတ်သက်ဆက်နွယ်နေမှု ရှိမရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03