News

POST TYPE

LATEST NEWS POST

ရဟတ်ယာဉ်ဝန်ဆောင်မည့် Weststar ကုမ္ပဏီ တင်ဒါအောင်မြင်သော်လည်း လုပ်ကိုင်ခွင့်မရဟု ကုမ္ပဏီပြော
ရန်ကုန်၊ ဩဂုတ် ၁၆

မလေးရှား ရဟတ်ယာဉ်ဝန်ဆောင်မှု weststar ကုမ္ပဏီအနေနှင့် ကမ်းလွန် ရေနံလုပ်ကွက်များအတွက် ရဟတ်ယာဉ် ငှားရမ်းဝန်ဆောင်မှုတင်ဒါကို အောင်မြင်ခဲ့သော်လည်း လုပ်ကိုင်ခွင့်မရသောကြောင့် ကုမ္ပဏီအနေနှင့် ဒေါ်လာသုံးသန်းကျော် ဆုံးရှုံးလျက်ရှိကြောင်း Weststar ကုမ္ပဏီမှ (Local Representative) ဖြစ်သူ ဒေါ်မေသန့်ဇင်က ပြောကြားသည်။

အဆိုပါ တင်ဒါအောင်သည့် Weststar ကုမ္ပဏီကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့အထိ အတည်ပြုပေးခြင်းမရှိသည့်အတွက် ကုမ္ပဏီအနေနှင့် အချိန်နှင့်ငွေကြေးများ ဆုံးရှုံးမှုများရှိသည့်အတွက် ဇူလိုင်လ ၁၇ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တရားဝင်တင်ပြကာ ဖြေရှင်းပေးပါရန် တင်ပြထားကြောင်း ဩဂုတ်လ ၁၆ ရက်က Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။

“၂၁၀၇ ခုနှစ်၊ စက်တင်ဘာ ၁၅ မှာ တင်ဒါအောင်မြင်ကြောင်းကို စာရတယ်။၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက်မှာ လုပ်ငန်းဝင်ရမှာဖြစ်ပေမယ့် အခုအချိန်အထိ လုပ်ခွင့်မရသေးဘူး။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို အကြိမ်ကြိမ်သွားတယ်။ ဘယ်နေရာတွေမှာ အခက်အခဲရှိတာလဲ။ ညှိနှိုင်းမယ်သွားတာ တွေ့ခွင့်မရခဲ့ဘူး။ တင်ဒါအောင်ထားတာတောင် ပွင့်လင်းမြင်သာမှုရှိစွာပေးဖို့ ဘာလို့ ခက်ခဲနေလဲမသိဘူး”ဟု ဒေါ်မေသန့်ဇင်က ဆိုသည်။

Weststar ကုမ္ပဏီမှ နိုင်ငံတကာတွင် ရဟတ်ယာဉ် ၁၃၀ စီးဖြင့် လုပ်ကိုင်လျက်ရှိပြီး Weststar ကုမ္ပဏီမှ ကမ်းလွန် ရေနံလုပ်ကွက်များအတွက် ရဟတ်ယာဉ် ဝန်ဆောင်မှု တင်ဒါကို လုပ်ကိုင်ခွင့်ရရှိရန် တစ်နှစ်နှင့်နှစ်လစာပိုင်လော့ ငှားရမ်းခ၊ အင်ဂျင်နီယာ ငှားရမ်းခ၊ ရဟတ်ယာဉ် ပြန်လည်ငှားရမ်းခများနှင့် အခြားအလုပ်သမား စရိတ်များနှင့် ပိုက်လိုင်းကြေးများမှာ ကုန်ကျခဲ့သောကြောင့် ဒေါ်လာသုံးသန်းကျော် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာ့ကမ်းလွန်ရေနံ လုပ်ကွက်များတွင် လုပ်ငန်းလုပ်ကိုင်နေသည့် PTTEP နှင့် Petronas တို့ကို ကိုယ်စားပြုသော Total ကုမ္ပဏီမှ ခေါ်ယူသည့် ရဟတ်ယာဉ် ငှားရမ်းပျံသန်းသည့် တင်ဒါကို ၂၀၁၇ ခုနှစ် ဧပြီလ ၄ ရက်တွင် Weststar ကုမ္ပဏီမှ လက်ခံရရှိခဲ့သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် တင်ဒါအောင်မြင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ၁၃ ခု ကို ဖိတ်ခေါ်ခဲ့ရာတွင် ကုမ္ပဏီ ၁၀ ခုသာ တင်ဒါတင်သွင်းခဲ့ပြီး weststar အပါအဝင် ကုမ္ပဏီငါးခု အောင်မြင်ခဲ့သည့်အနက် Weststar ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

အဆိုပါကုမ္ပဏီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံတိုင်ကြားထားမှုနှင့် ပတ်သက်၍ ကော်မရှင် တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ဆီကို တိုင်ကြားရင် စစ်ဆေးတဲ့အချိန်က တစ်လခွဲလောက်ကြာပါမယ်။ စစ်ဆေးပြီးရင်တော့ ထုတ်ပြန်ကြေညာပေးပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် ငှားရမ်းဝန်ဆောင်မှုအတွက် လက်ရှိ ပြင်သစ်အခြေစိုက် (Heli-Union) ကုမ္ပဏီက လုပ်ကိုင်နေပြီး ယင်းကုမ္ပဏီ လုပ်ကိုင်နေသည်မှာ ခန့်မှန်းခြေအနှစ် ၂၀ ခန့်ရှိကြောင်းနှင့် ယခုလက်ရှိ (Heli-Union) ကုမ္ပဏီမှာ ဆက်လက်လုပ်ကိုင်ခွင့်တောင်းဆိုကာ လုပ်ကိုင်လျက်ရှိကြောင်း ဒေါ်မေသန့်ဇင်က ပြောကြားသည်။

J-10