News

POST TYPE

LATEST NEWS POST

မွတ်ဆလင်အမျိုးသမီးကို ဩစတြေးလျ ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ပထမဆုံးခန့်အပ်
17-Aug-2018


ကင်ဘာရာ၊ ဩဂုတ် ၁၆

ဩစတြေးလျလွှတ်တော်တွင် လူမျိုးရေးခွဲခြားမှုကိစ္စ ဂယက်ထနေချိန်တွင် မီရင်းန်ဖာရူကီသည် ပထမဆုံးအမျိုးသမီးအမတ် မွတ်ဆလင်အဖြစ် ဆီနိတ်လွှတ်တော်တွင် ပါဝင်လာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဩစတြေးလျနိုင်ငံ၏ အနာဂတ်သည် ကွဲပြားစုံလင်မှုပိုင်းဆိုင်ရာတွင် ပိုမိုအားကောင်း ခိုင်မာလာလိမ့်မည်ဟု ပါကစ္စတန်နိုင်ငံဖွား မစ္စဖာရူကီက ဘီဘီစီသို့ ပြောကြားသည်။

နယူးဆောက်သ်ဝေးပြည်နယ်မှ ဂရင်းပါတီအမတ် ဖာရူကီကိုဗုဒ္ဓဟူးနေ့တွင် ဆီးနိတ်က လစ်လပ်နေရာအတွက် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အမတ်သစ်တစ်ဦးက လူဝင်မှုဆိုင်ရာကိစ္စကို အပြီးသတ်ဖြေရှင်းရန် တောင်းဆိုသည့် အမှာစကားပြောဆိုမှုကြောင့် ပြစ်တင်ဝေဖန်မှုများ ရင်ဆိုင်နေရချိန်တွင် ဖာရူကီအားခန့်အပ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

မစ္စဖာရူကီသည် အမတ် ဖရေဆာအန်းနင်း၏ ဟိုလိုကော့စ် စကားလုံးများ သုံးနှုန်းမှုအပေါ် ပေါ်ပေါ်ထင်ထင် ဝေဖန်သူများထဲတွင် ပါဝင်ခဲ့သည်။

“အင်္ဂါနေ့က လွှတ်တော်မှာပထမဆုံး အမှာစကားပြောခဲ့တဲ့ မစ္စတာအန်းနင်းဟာ ဩစတြေးလျပြည်သူ သန်းပေါင်းများစွာရဲ့ မျက်နှာကိုဖျက်ခဲ့တဲ့အပြင် အမုန်းတရားနဲ့ ခွဲခြားမှုတွေကိုလှုံ့ဆော်ခဲ့ပါတယ်။ ကျွန်မက မွတ်ဆလင်ရွှေ့ပြောင်းနေထိုင်သူပါ။ ကျွန်မက လွှတ်တော်အမတ် ဖြစ်လာတော့မှာပါ။ အဲလိုကိစ္စမျိုးကို ဖရေဆာအန်းနင်း မလုပ်နိုင်အောင် တားဆီးသွားမှာပါ”ဟု သူမက ပြောကြားသည်။

မစ္စဖာရူကီသည် ၁၉၉၂ တွင် ပါကစ္စတန်မှ ဩစတြေးလျသို့ ပြောင်းရွှေ့လာခဲ့ပြီး နိုင်ငံရေးနယ်ပယ်သို့မဝင်မီ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်တွင် ဒေါက်တာဘွဲ့ရ ပညာရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။

သူမသည် ၂၀၁၃ တွင် ပြည်နယ် လွှတ်တော်အမတ်တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ဩစတြေးလျနိုင်ငံရေးတွင် ပါဝင်လာသောပထမဆုံး မွတ်ဆလင်အမျိုးသမီး ဖြစ်လာခဲ့သည်။

သူမက ဩစတြေးလျနိုင်ငံ၏ ကွဲပြားစုံလင်မှု အားကောင်းသောအနာဂတ်အတွက် တိုက်ပွဲဝင်သွားမည်ဟု ပြောကြားသည်။

အင်္ဂါနေ့က နယူးဆောက်သ်ဝေး ပြည်နယ်လွှတ်တော်တွင် မိန့်ခွန်းပြောကြား သောဖာရူကီက သူမ လွှတ်တော်အမတ် ဘဝတွင် အဆိပ်ရှိသော၊ လူမျိုးခွဲသော၊ လိင်ခွဲခြားသော နှောင့်ယှက်မှုများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်းသည် လုပ်သင့်လုပ်ထိုက်သော အကြောင်းရင်းကြောင့်သာမကဘဲ ကျွန်မက ဘာလဲ၊ ဘယ်ကလာသလဲ၊ အသားအရောင်က ဘာလဲဆိုတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် များစွာလိုအပ်နေသော ကွဲပြားစုံလင်မှုကို ကင်ဘာရာသို့ ဆောင်ကြဉ်းသွားရမည့်အတွက် စိတ်လှုပ်ရှားမိသည်ဟု သူမက ဆိုသည်။ 

F-04


  • VIA