News

POST TYPE

LATEST NEWS POST

ဒေါ်လာဈေးတက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံနှင့် လုပ်ငန်းရှင်များတွေ့မည်
16-Aug-2018

နေပြည်တော်၊ ဩဂုတ် ၁၆

အမေရိကန် ဒေါ်လာလဲနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ကာ တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ကျော်အထိ မြင့်တက်လာ သောကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများသို့ ပြောကြားသည်။

ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရန် ဖွဲ့စည်းလိုက်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲအပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခြင်းဖြစ်သည်။

“အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေရယ်၊ စီးပွားရေးဝန်ကြီးဌာနတွေရယ် အမြဲမပြတ် ဆွေးနွေးနေတယ်။ နောက် ဒီလနောက်ပိုင်းမှာ စီးပွားရေးနယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးနဲ့ အတိုင်ပင်ခံနဲ့ တွေ့ဖို့ရှိပါတယ်။ အဲဒါလည်း စီစဉ်နေတယ်။ ဆိုလိုတာက အစိုးရအပိုင်းက ပေါ်လစီကို ထိန်းညှိတဲ့အပိုင်း၊ လုပ်ငန်းရှင်တွေအပိုင်းက စီးပွားရေးနဲ့ပတ်သက်လို့ လူးသာလွန့်သာဖြစ်အောင် လုပ်ရမယ့်အပိုင်း၊ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဆီကို စီးပွားရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေက အကြံဉာဏ်တွေ ရနေပါပြီ။ ဒါကို အတိုင်ပင်ခံရော၊ သမ္မတကြီးရော၊ စီးပွားရေးဆိုင်ရာတာဝန်ရှိသူတွေရော ပူးပေါင်းညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့၌လည်း ဒေါ်လာဈေး ဆက်လက်မြင့်တက်ပြီး တစ်ဒေါ်လာလျှင် ၁၅၆၀ ကျပ်အထိ ရောက်ရှိကြောင်း ပုဂ္ဂလိကဘဏ်အချို့၏ ဈေးနှုန်းများအရ သိရသည်။

S-01