News

POST TYPE

LATEST NEWS POST

မကွေးပညာရေးကောလိပ် တည်ဆောက်စဉ်က သိမ်းယူခဲ့သည့် ပိုလျှံမြေများပြန်ပေး
16-Aug-2018 tagged as ပညာရေး မကွေး

မကွေး၊ ဩဂုတ် ၁၆

မကွေးပညာရေးကောလိပ်တည် ဆောက်စဉ်ကသိမ်းယူခဲ့သည့် လယ်ယာမြေများထဲမှ အသုံးမပြုဖြစ်ဘဲ ပိုလျှံမြေဧက ၄၀ ကျော်အတွက် ယာယီလုပ်ပိုင်ခွင့် ပုံစံ ၃ ပေးအပ်ပွဲကို ဩဂုတ် ၁၆ ရက်နေ့က မကြီးကန်ကျေးရွာရှိ အေးစေတီ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပညာရေးကောလိပ် တည်ဆောက်ရန်အတွက် ၁၉၉၇ ခုနှစ်က လယ်ယာမြေဧက ၁၀၀ ကျော်သိမ်းယူခဲ့ပြီး ယခုအချိန်တွင် အသုံးမပြုဖြစ်သည့် ပိုလျှံမြေများကို တောင်သူ ၂၄ ဦးထံသို့ ယာယီ လုပ်ပိုင်ခွင့်ပုံစံ ၃ ဖြင့် ပြန်လည်ပေးအပ်ခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“အဆင်ပြေမှ ရောင်းနိုင်ဝယ်နိုင်မယ်။ တောင်သူတွေ အဆင်ပြေဖို့လိုတယ်။ အဆင်ပြေအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားပေးတာ။ အသိမ်းဆည်ခံမြေတွေ ပြန်ရဖို့ ဆက်ပြီးလည်း ကြိုးစားပေးသွားမယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောဆိုသည်။

ထိုပြင် မကွေးပညာရေးကောလိပ် တည်ဆောက်စဉ်ကသိမ်းဆည်းခဲ့သည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ငွေကြေးတောင်းခံမှုများရှိကြောင်း အစိုးရအဖွဲ့ထံ တိုင်ကြားစာ ရောက်ရှိခဲ့သဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ မည်သည့် ငွေတောင်းခံမှုမျိုးမှ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။

မကွေးမြို့နယ်တွင် အသိမ်းဆည်းခံ လယ်ယာမြေများထဲမှ ဆေးဆိုးပန်းရိုက် စက်ရုံတည်ဆောက်စဉ်က သိမ်းဆည်းခဲ့သည့် ယာမြေ ၁၅ ဒသမ ၃၉ ဧက၊ ပညာရေး ကောလိပ်တည်ဆောက်စဉ်က သိမ်းယူခဲ့သည့် ပိုလျံမြေ ၄၁ ဒသမ ၅၇ ဧကကို ပြန်လည်ပေးအပ်ခဲ့ပြီး တင့်ကားတပ် တည်ဆောက်စဉ်က သိမ်းယူခဲ့သည့် မြေများထဲမှ ဧက ၅၀၀ ကျော်ကိုလည်း တောင်သူများထံ ပြန်လည် စွန့်လွှတ်ပေးရန်အတွက် လုပ်ဆောင်နေကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မကွေးတိုင်းဒေသကြီးအတွင်းတွင် အသိမ်းဆည်းခံ မြေဧက ၄ သိန်းခွဲကျော်ရှိပြီး ယခင်အစိုးရလက်ထက်တွင် မြေဧကပေါင်း ၂၂,ဝ၆၄ စွန့်လွှတ်ခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် မြေဧကပေါင်း ၃၉၀၀ ကျော် စွန့်လွှတ်ပေးခဲ့ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

R-23