News

POST TYPE

LATEST NEWS POST

ကြိုတင်ကာကွယ် တားဆီးရတော့မည့် သဘာဝဘေးအန္တရာယ်
16-Aug-2018
လူသားနှင့် သဘာဝတရားတို့သည် ခွဲခြား၍မရပါ။ အခြားသော သက်ရှိသတ္တဝါများနည်းတူ လူသားတို့သည်လည်း သဘာဝတရားကြောင့် ပင် မွေးဖွားလာရသည်။ သဘာဝတရားကြောင့်ပင် အသက်ရှင်သန်ရသည်။ သဘာဝတရားကြီးသည် လူသားတို့ကို အကျိုးကျေးဇူးများစွာပေးသည်။ မြေ၊ ရေ၊ လေ၊ မီး၊ အလင်းရောင်၊ နေ၊ လ၊ တောတောင်၊ ပင်လယ်သမုဒ္ဒရာတို့သည် လူသားတို့အား အကျိုးကျေးဇူး များစွာပေးသည်။ သို့သော် ထိုသဘာဝတရားကြီးသည်ပင် လူသားတို့အား ဒုက္ခပေးတတ်သည်။ သာမန် ထိခိုက်နာကျင်စေမှုမှသည် အသက်သေကျေသည်အထိ ကြီးစွာသောဒုက္ခကိုပေးသည်။

သာမန်အားဖြင့်ဆိုလျှင် သဘာဝတရားကြီးသည် သူ့သဘောသူ ဆောင်၍ အချိန်မှန် လှည့်ပတ်နေသည်။ လင်းချိန်တန်လျှင်လင်းသည်။ မှောင်ချိန်တန်လျှင်မှောင်သည်။ ကမ္ဘာကြီးသည် ၂၃-၁/၂ စောင်းနေသော သူ၏ဝင်ရိုးပေါ်တွင် တစ်ရက်လျှင် တစ်ပတ်ကျ ပုံမှန်လည်ပတ်နေလျက်က ပင် နေမင်းကြီးကို တစ်နှစ်လျှင် တစ်ပတ်ကျ (ဘဲဥပုံစက်ဝိုင်းသဏ္ဌာန်ဖြင့်) လည်ပတ်နေသည်။ ထိုသို့လည်ပတ်နေသည်အတွက်ကြောင့် နွေ၊ မိုး၊ ဆောင်း ဟူသော ဥတုသုံးလီ ပေါ်ပေါက်လာသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နွေ၊ မိုး၊ ဆောင်းကို အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုကြသည်။ အချို့ဒေသများတွင်မူ တစ်နှစ်လျှင် နှစ်ရာသီသာရှိသည်ဟု ကြားဖူးသည်။

ထိုကဲ့သို့ သဘာဝတရားကြီးသည် သူ့သဘောသူဆောင်၍ ဥတုသုံးလီကို အချိန်မှန်ဖြစ်ပေါ်စေရာမှ ယခုအခါတွင် ပုံမှန်မဟုတ်တော့ဘဲ ရွေ့လျားဖောက်ပြန်လာသည်။ မိုးကရွာရမည့်အချိန်တွင်မရွာ၊ မရွာရမည့်အချိန်တွင် ရွာသည်။ ရွာသည့်အခါတွင်လည်း ပုံမှန်မဟုတ်တော့ဘဲ ပို၍သည်းထန်လာသည်။ ရေကြီးရေလျှံ၍ လူသားတို့ ဘေးဒုက္ခရောက်ကြသည်။ အသက်သေဆုံးကြသည်။ ဆောင်းကလည်း သည်သို့ပင်ဖြစ်သည်။ ကမ္ဘာ့လူသားတို့ မခံမရပ်နိုင်လောက်အောင် အအေးက ပိုကဲလာသည်။ အအေးလွန်၍ သေဆုံးသူများရှိလာသည်။ နွေကလည်း ချမ်းသာမပေး၊ ကမ္ဘာကြီးပူနွေးလာသည်ဟူသော ပြောကြားမှုများနှင့်အတူ တစ်စတစ်စ အပူလွန်ကဲလာသည်မှာ ဆယ်စုနှစ် နှစ်ခုမကတော့ပါ။ အပူလှိုင်းဖြတ်၍ သေဆုံးသူများလည်း ရှိလာသည်။

ကမ္ဘာတစ်ဝန်းမှ ကမ္ဘာ့သိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ ကမ္ဘာကြီး၏လည်ပတ်နှုန်း၊ နေကိုကမ္ဘာက လှည့်ပတ်နေသည့်နှုန်းတို့သည် သိသာစွာ ပြောင်းလဲခြင်းမရှိသော်လည်း ယခုကဲ့သို့ ရာသီဥတုများ ဖောက်ပြန်လာရသည်မှာ သဘာဝတရားကြီး၏ ဖောက်ပြန်မှုသက်သက်မဟုတ်ဟု ယူဆကြပါသည်။ ဤသို့ဆိုလျှင် ကမ္ဘာတစ်ဝန်း ရာသီဥတုများ ထူးကဲစွာ ဖောက်ပြန်လာရသည်မှာ အဘယ်ကြောင့်နည်း။ လူသားတို့၏ သဘာဝတရားကို အန်တုဖက်ပြိုင်မှုများကြောင့်ပင် ဖြစ်သည်ဟုဆိုလျှင် အငြင်းပွားဖွယ်ရာမရှိဟု ဆိုချင်ပါသည်။

လူသားတို့သည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေရပ်ကွက် မြို့ရွာများ တိုးချဲ့လာသည်။ စက်ရုံအလုပ်ရုံများ များပြားစွာ တည်ဆောက်လာကြသည်။ ဆည်မြောင်း၊ တာတမံများ တည်ဆောက်လာကြသည်။ မြစ်ချောင်းတို့ကို ပိတ်ဆို့တားဆီး၍ ရေအားလျှပ်စစ် ဓာတ်အားပေးစက်များ တည်ဆောက်လာကြသည်။ လူသုံးပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက် စသည်တို့ကို အသုံးပြုလာကြသည်။ ကျောက်မီးသွေး သုံး၊ အဏုမြူစွမ်းအားသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်လာကြသည်။ နောက်ဆုံး လူသားအကျိုးပြု သစ်တော သစ်ပင်များကို ခုတ်ထွင် ရှင်းလင်းကြရာမှသည် သဘာဝတရားကြီး ပိုမို၍ ဖောက်ပြန်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှု

မြန်မာနိုင်ငံသည်လည်း အလားတူပင်ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်မှစတင်၍ မသိမသာ ပြောင်းလဲလာသော ရာသီဥတုသည် ယခု လေးငါးနှစ်အတွင်းတွင် ပိုမိုသိသာလာသည်။ ပညာရှင်အချို့နှင့် မြန်မာပြည်သူအများစု ရေးသားပြောဆိုမှုများအရ မြန်မာနိုင်ငံသည် သစ်တောများကို အဆမတန်ခုတ်ယူမှုများကြောင့် သစ်တောများ ပြုန်းတီးလာရာမှသည် ရာသီဥတုဖောက်ပြန်လာသည်ဟု ဆိုကြသည်။ သိသာမြင်သာသော ပြောင်းလဲမှုများမှာ မိုးသည်းထန်မှုနှင့် မြစ်ချောင်းများရေလျှံကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။

ထို့ထက်ပို၍ထူးခြားသည်မှာ ယခင်က ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်သာ ရေကြီး ရေလျှံမှု အများဆုံးဖြစ်ပေါ်တတ်ရာမှ လွန်ခဲ့သော နှစ်နှစ် သုံးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီး နေရာအချို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ ထို့အပြင် ယခုနှစ်တွင်လည်း နှစ်ပေါင်းများစွာအတွင်း ဖြစ်ခဲသည့် ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုမှာ ထူးခြားအံ့ဩဖွယ်ပင်ဖြစ်သည်။ ဇူလိုင်လ နောက်ဆုံးပတ်မှသည် ဩဂုတ်လ ပထမပတ်အထိ ကောင်းစွာမကျနိုင်သေးသည့်အတွက် ကျေးရွာပေါင်း များစွာနှင့် လူထောင်ပေါင်းများစွာတို့မှာ ရေဘေးဒုက္ခကို ခံစားရလျက်ပင် ရှိနေပါသေးသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖြစ်ပေါ်သည့် ရေကြီးရေလျှံမှုမှာလည်း ယခင်နှင့်မတူ ကာလရှည်ကြာ ဖြစ်ပေါ်ခဲ့သည်။ ယခင်က ဘီးလင်း၊ ကျိုက်ထို၊ သထုံ စသည့်မြို့နယ်များတွင် ရေကြီး၍ ကား လမ်းများပိတ်ထားရသည်မှာ အရှည်ကြာဆုံးတစ်ရက် နှစ်ရက်မျှသာဖြစ်သော်လည်း ယခုနှစ်တွင်မူ ရက်သတ္တ တစ်ပတ်ခန့်ကြာမြင့်ခဲ့သည်။ ထို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အစားအသောက်များ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ်ပေါ်ခဲ့သည်။ တနင်္သာရီ တိုင်းဆိုလျှင် ပို၍ပင်ဆိုဖွယ်ရာမရှိပါ။

မြန်မာ့မြေမျက်နှာပြင် ပြန်လည်တိုင်းတာသင့်

ဤနေရာတွင် တစ်ခုဆက်စပ်၍ စဉ်းစားမိသည်မှာ လွန်ခဲ့သော လေးငါးနှစ်ခန့်က ဖတ်ခဲ့ရသည့် သတင်းတစ်ပုဒ်ပင်ဖြစ်ပါသည်။ အဆိုပါသတင်း၌ “ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် စင်တီမီတာမည်မျှ နိမ့်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် နောင်နှစ်ပေါင်း မည်မျှအကြာတွင် ထိုင်းနိုင်ငံ၏မြေပြင်သည် ပင်လယ်ရေမျက်နှာပြင်အောက် မည်ရွေ့မည်မျှနိမ့်ကျသွားမည်ဖြစ်ကြောင်း”ဟူသည့် သတင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံနှင့် ရေပြင်၊ မြေပြင် ဆက်စပ်တည်ရှိနေသော တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည်လည်း အလားတူအဖြစ်မျိုး မကြုံတွေ့နိုင်ဟု မပြောနိုင်ပါ။

မြန်မာနိုင်ငံအနေနှင့် ခေတ်မီနည်းပညာများသုံး၍ တိုင်းတာခဲ့သည်ဟု မကြားမိခဲ့ပါ။ ထို့ကြောင့် နိုင်ငံတကာ၏ အကူအညီကိုရယူ၍ မြန်မာနိုင်ငံ၏ မြေပြင်အနိမ့်အမြင့်ကိုလည်း ပြန်လည်တိုင်းတာသင့်သည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံ၏ မြို့အသီးသီးတွင်လည်း ပင်လယ်ရေမျက်နှာပြင်ထက် မည်မျှရှိကြောင်း ဖော်ပြမှုများရှိပါသည်။ အထူးသဖြင့်တောင်ပေါ် ဒေသမြို့များတွင် မြို့အဝင်ဆိုင်းဘုတ်များ၌ ယင်းမြို့၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ကို သိသာသာထင်ရှားစွာ ဖော်ပြထားကြပါသည်။ သို့ရာတွင် အဆိုပါဖော်ပြချက်များသည် မည်သည့်ခေတ်အချိန်အခါက မည်သည့်နည်းပညာဖြင့် တိုင်းတာခဲ့ကြောင်း မသိရှိရသလို မည်ရွေ့မည်မျှ မှန်ကန်မှုရှိကြောင်းကိုလည်း မည်သူမျှမသိပါ။ ထို့ကြောင့် မြန်မာနိုင်ငံ၏မြေပြင်အနိမ့်အမြင့် (Sea Level) ကို ပြန်လည် တိုင်းတာသင့်သည်ကား အမှန်ပင်ဖြစ်ပါသည်။

ရန်ကုန်မြို့ကြီးလည်း ရေအောက် ရောက်တော့မည်

တစ်ချိန်က အာရှတိုက်၏ အလှပဆုံးမြို့တော်ဟု တင်စားခေါ်ဝေါ် ခြင်းခံခဲ့ရသည့် မြန်မာ့မြို့တော်ဟောင်း ရန်ကုန်မြို့ကြီးသည် မိုးတစ်ကြိမ် သည်းထန်စွာရွာတိုင်း တစ်ကြိမ်ရေကြီးလေ့ရှိပါသည်။ ဤသို့ရေကြီးရေလျှံသည်ကို ရေစီးရေလာမကောင်းသော ရေမြောင်းများကြောင့်ဟူ၍လည်းကောင်း၊ ပြည်သူများက အမှိုက်များပစ်ချခြင်းကြောင့်ဟူ၍လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် သမားရိုးကျ အပြစ်တင် အပြစ်ဖို့သံများကိုသာ ကြားနေရပါသည်။ တစ်ခါက ဖတ်ရှုလိုက်ရသည့် ပညာရှင်တစ်ဦး၏ဆောင်းပါးကိုလည်း မှတ်မိသရွေ့ ဖော်ပြလိုပါသည်။

ဆောင်းပါးရှင်က ရေးသားဖော်ပြရာ၌ ရန်ကုန်မြို့ကြီး၌ အထပ်မြင့် တိုက်ဆောက်လုပ်မှုများ များပြားလာသည့်အပြင် မြေအောက်အဝီစိတွင်း တူးဖော်မှုများလည်း များပြားလာသည့်အလျောက် မြေပြင်နိမ့်ကျမှုများ ဖြစ်လာနိုင်သည့်အကြောင်းပင် ဖြစ်ပါသည်။ အဆိုပါဆောင်းပါးကို ဖတ်ရှုရသည့်အချိန်က ရန်ကုန်တွင် အထပ်မြင့်တိုက်များ ထိုမျှမများပြားသေးပါ။ ယခုအခါတွင်မူ မြို့တော်ရန်ကုန်တစ်ခွင် ဟိုနေရာ၊ သည်နေရာ နေရာအနှံ့၌ အထပ်မြင့်တိုက်များ တစ်လုံးပြီးတစ်လုံး ပေါ်ပေါက်လာသည်မှာ မိုးရာသီ၌ မှိုများပေါက်လာသည့်အလား လက်ညှိုးထိုးမလွဲပင် ဖြစ်ပါသည်။ ထို့အပြင် အထပ်မြင့်တိုက်တစ်လုံးလျှင် အဝီစိတွင်းတစ်တွင်း တူးဖော်နေသည်ကလည်း ရန်ကုန်မြို့ကြီး ပင်လယ်ရေမျက်နှာပြင်အောက်ရောက်ဖို့အရေး တွန်းအားပေးနေသည်နှင့် တူပါတော့သည်။

တော်လှန်ရေး အစိုးရတက်လာပြီးနောက် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စသည့် မြို့သစ်များ ပေါ်ပေါက်လာပြီး အဝီစိတွင်းများ အလျှိုအလျှို ပေါ်ပေါက်လာခဲ့သလို နဝတအစိုးရ တက်လာပြီးနောက်တွင်လည်း ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒဂုံ လေးမြို့နယ်ကို တည်ဆောက်ရာတွင်လည်း ရေပေးဝေမှုစနစ် တစ်ပြိုင်တည်း လိုက်ပါမလာနိုင်ခြင်းကြောင့် သူ့အိမ်လည်း အဝီစိတွင်းတူး၊ ငါ့အိမ်လည်း အဝီစိတွင်းတူးနှင့် တစ်အိမ်လျှင် တစ်တွင်းနှုန်းနီးပါး တူးဖော်ကြရာမှ ယခုအခါ အိမ်တိုင်းစေ့နီးပါး အဝီစိတွင်းများကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါ ဆောင်းပါးရှင် ရေးသားသည့်အတိုင်း နောင်မကြာလှသောအချိန်တွင် ရန်ကုန်မြို့ကြီးသည်လည်း ပင်လယ်ရေမျက်နှာပြင်အောက်သို့ အမှန်တကယ် နိမ့်ကျရောက်ရှိသွားမည်သာ ဖြစ်ပါသည်။

ယခုအခါတွင် မြို့သစ်များ၌ စည်ပင်သာယာမှ ရေပေးဝေမှုစနစ်များ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သော်လည်း ထို့ထက်ပိုမိုသောလုပ်ဆောင်မှုများဖြင့် ရန်ကုန်မြို့တော်ကြီးကို ကူညီကယ်တင်ရေးအတွက် ရေရှည် အစီအမံများချမှတ်၍ ကန့်သတ်မှုများ ချမှတ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါသည်။

ရေတိုရေရှည် အစီအမံများ ဆောင်ရွက်ဖို့လိုပြီ

ရန်ကုန်-မော်လမြိုင်-ထားဝယ်၊ ရန်ကုန်-ဘားအံ-မြဝတီ လမ်းမကြီးသည် မြန်မာနှင့်ထိုင်းနိုင်ငံအကြား အဓိက ဆက်သွယ်ထားသော မဟာဗျူဟာ ကျသည့်လမ်းမကြီး ဖြစ်ပါသည်။ ထိုလမ်းကြီး တစ်ရက်ပိတ်သည်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုလမ်းကြောင်းများ ပိတ်သွားသည်ဖြစ်ရာ စီးပွားရေးသမား ကုန်သည်များအတွက် ထိခိုက်မှုရှိကြသလို ပြည်သူများအနေနှင့်လည်း ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ခံစားကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် နှစ်စဉ် မိုးရာသီရောက်တိုင်း ကားလမ်းရေကျော်၍ လမ်းပိတ်ရသည့်အဖြစ်ကို ကြုံတွေ့နေရသည့် မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ စသည့်မြို့နယ်များကို ဖြတ်သန်းသွားသည့် အဝေးပြေးလမ်းမကြီးကို အဆင့်မြှင့်ဖို့ လိုအပ်နေပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ အကျိုးစီးပွားနှင့်လည်း ဆက်စပ် ပတ်သက်နေသည်ဖြစ်ရာ ထိုင်းနိုင်ငံ၏အကူအညီကို ရယူဆောင်ရွက်သင့်ပါသည်။

မြဝတီ-ကော့ကရိတ်လမ်းမကြီးကို ထိုင်းနိုင်ငံ၏ကျွမ်းကျင်မှု အကူအညီနှင့် ဖောက်လုပ်ခဲ့ရာ ထိုလမ်းမကြီးမှာ နိုင်ငံတကာအဆင့်မီ တောင်ပေါ်လမ်းမကြီးဖြစ်ပြီး ယခင်က ဒေါနတောင်တန်းကိုဖြတ်ကျော်ကာ မိုးတွင်းအခါသွားလာမှုခက်ခဲသည့် တောင်ပေါ်လမ်းဟောင်းထက်စာလျှင် လမ်းပန်းဆက်သွယ်ရေး များစွာအဆင်ပြေ ချောမွေ့ခဲ့ပြီ ဖြစ်ပါသည်။ သို့ရာတွင် ကျန်ရှိသောလမ်းအပိုင်းဖြစ်သည့် ဘားအံ-ကော့ကရိတ်လမ်း ပိုင်းကို တရုတ်ကုမ္ပဏီတစ်ခုနှင့် ဖောက်လုပ်လျက်ရှိရာ ယခုအခါ ဒေသခံများက ကန့်ကွက်သည့်အတွက်ကြောင့် ရပ်နားထားရပြီး ယခုလို မိုးများသည့်အချိန်တွင် လမ်းပန်းဆက်သွယ်ရေးများစွာ ခက်ခဲလျက်ရှိပါသည်။ ကရင်ပြည်နယ်တွင် ဘာပဲလုပ်လုပ် ဒေသခံဆိုသူများက ကန့်ကွက်နေသည်ဖြစ်ရာ အစိုးရနှင့်ဒေသခံများ အကျေအလည် ဆွေးနွေးသင့်ကာ ထိုကဲ့သို့ကန့် ကွက်ရသည့်နောက်ကွယ်မှ အကြောင်းတရားများကိုလည်း ဖော်ထုတ်သင့်ပါသည်။ သို့မဟုတ်ပါက ငြိမ်းချမ်းရေးလမ်းစပေါ် ရောက်နေသည့် ကရင်ပြည်နယ်မှ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခံစားရလိမ့်မည်မဟုတ်ပါ။

နိဂုံး

အချုပ်အားဖြင့်တင်ပြရလျှင် သဘာဝဘေးအန္တရာယ်များမှာ တစ်စ တစ်စနှင့် ပိုမိုများပြားလာပြီး လူသားတို့ အသက်ရှင် ရပ်တည်နေထိုင်ရေးအတွက်ပင် များစွာခက်ခဲလာကြပြီဖြစ်ပါသည်။ ထို့ကြောင့် လူသားတို့အနေဖြင့် မိမိတို့ဘဝ ရပ်တည်ရှင်သန်ရေးအတွက် နည်းလမ်းများ ရှာဖွေကြံဆကာ သဘာဝဘေးအန္တရယ်ကို ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာပါကလည်း ရင်ဆိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိနေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေနှင့် လူသားအရင်းအမြစ် ပေါကြွယ်ဝပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ငွေကြေးနှင့်ပစ္စည်းများ ကူညီပံ့ပိုးမှုများအပြင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ ကူညီဆောင်ရွက်ပေးသူ ပေါများလှပါသည်။ သို့ရာတွင် အသက်ကယ်လှေ၊ ရဟတ်ယာဉ် အပါအဝင် ခေတ်မီ နည်းပညာသုံးပစ္စည်းများ ရှားပါးလှပါသည်။

ထို့ကြောင့် အကြံပြုတင်ပြလိုသည်မှာ မီးသတ်ဦးစီးဌာန အပါအဝင် ကယ်ဆယ်ရေးဦးစီးဌာနကိုပါ ပေါင်းစပ်ပါဝင်စေလျက် “သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေး ဝန်ကြီးဌာန”တစ်ခုကို သီးခြားဖွဲ့စည်းဆောင်ရွက်၍ ရဟတ်ယာဉ်များ၊ အသက်ကယ်လှေများ အပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ခေတ်မီနည်းပညာသုံး ဆက်သွယ်ရေးနှင့် တိုင်းတာရေးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်း တွက်ချက်သိရှိနိုင်မည့် ခေတ်မီနည်းပညာများကို နိုင်ငံတကာမှ အကူအညီများ ရယူဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

သိန်းထက်အောင်