News

POST TYPE

LATEST NEWS POST

တစ်ဒေါ်လာ ၁၅၀၀ ကျပ်ကျော်
15-Aug-2018


ရန်ကုန်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ရာတွင် ကန့်သတ်သည့်နှုန်းထားကို ဖြေလျှော့လိုက်အပြီး ၂ ရက်အကြာ၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ကျော်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိဒေါ်လာဈေးသည် ကန်ဒေါ်လာသမိုင်း၌ လုံးဝ မဖြစ်ပေါ်ဖူးသေးသည့်ဈေးနှုန်းတစ်ရပ်ဖြစ်ပြီး ယခုဈေးထက် ဆက်တက်နိုင်မည့် အလားအလာများ ရှိနေသေးကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

“ဒေါ်လာတန်ဖိုးက အတက်မှာပဲ ရှိနေနိုင်သေးတယ်။ ဒါကို တက်သင့်တာထက် ပိုမတက်အောင်ရယ်၊ ကုန်ဈေးနှုန်းတွေ မတက်အောင်ရယ်ပဲ လုပ်လို့ရမယ်။ ဒေါ်လာဈေး မတက်အောင်ဆိုပြီး လုပ်လို့ မရဘူး”ဟု NLD စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောဆိုသည်။

အမေရိကန်ဒေါ်လာဈေးသည် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးများ အရောင်းအဝယ် ပြုလုပ်ရာတွင် ဗဟိုဘဏ် ရည်ညွှန်းနှုန်း၏ သုည ဒသမ ၈ ရာခိုင်နှုန်းသာ အတိုး အလျှော့ ပြုလုပ်နိုင်သည့် သတ်မှတ်ချက် ဘောင်ကို ပယ်ဖျက်ပေးလိုက်သည့် ဩဂုတ်လ ၁၃ ရက်နေ့ကထက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၃၂ ကျပ်အထိ မြင့်တက်လာပြီး ဗဟိုဘဏ်ဈေးမှာ ယင်းရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၃၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် အဓိက သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ စက်သုံးဆီနှင့် စားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည်။

ထို့ကြောင့် အစိုးရအနေနှင့် အဓိက သွင်းကုန်ပစ္စည်းများကို အချိန်ကာလတစ်ခု သတ်မှတ်၍ အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ အစိုးရက ကိုယ်တိုင်သွင်း၍ ပြန်လည်ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပြီး လက်ရှိဗဟိုဘဏ်မှာ သွင်းကုန်လုပ်ငန်းရှင်များကို ဘဏ်များမှတစ်ဆင့် ဒေါ်လာထုတ်ချေးပေးခြင်းမှာလည်း ဒေါ်လာဈေးကို တက်သင့်သည်ထက် ပိုမတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

“အခုကတော့ ဒေါ်လာဈေးက အခြားငွေကြေးတွေထက် တက်သင့်တာထက် နည်းနည်းလေး ပိုတက်နေတယ်”ဟု ဦးရဲမင်းဦးက ပြောဆိုသည်။

လက်ရှိဒေါ်လာဈေးကွက်အတွင်း ပြင်ပဈေးသည် တစ်ဒေါ်လာလျှင် ၁၅၀၇ ကျပ်၊ ပုဂ္ဂလိကဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၅၀၁ ကျပ်နှင့် ဗဟိုဘဏ်သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၄၇၅ ကျပ်ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04