News

POST TYPE

LATEST NEWS POST

ရာသီဥတုပြောင်းခဲပြီ
15-Aug-2018
(၁)

မြောက်ပိုင်း ဥရောပတွင် ယခုနှစ်နွေရာသီသည် ဒုဗ္ဘိက္ခန္တရကပ်များ ဆိုက်သလား အောက်မေ့ရသည်။ ဆွစ်ဇာလန်တွင် နွားများရေငတ်ပြီး သေကြသည်။ ဆွီဒင်နိုင်ငံတွင် သစ်လုံးတွေ သစ်တောတွေ မီးထဲပါကုန်ကြသည်။ ဩစတြီးယားတွင် ဒပ်ချစတိန်း (Dachstein) တောင်တန်းကြီးမှ ရေခဲများ အရည်ပျော်ဆင်းနေကြသည်။

လန်ဒန်တွင် ပန်ကာများ၊ လေအေးစက်များ မရှိတော့လောက်အောင် ရောင်းကောင်းနေသည်။ ဂရင်းလန်ကျွန်းတွင် ရေခဲတုံးများ အရည်ပျော်ကြရာမှ ကမ်းခြေတစ်လျှောက် ဆူနာမီဖြစ်ခါ ကမ်းနားတစ်လျှောက်က နေထိုင်စရာအိမ်တွေကို ဖျက်ဆီးပစ်နေသည်။ ဆွီဒင်နိုင်ငံတွင် အမြင့်ဆုံးရေခဲတောင်အနေနှင့် ရှိနေခဲ့သည့် (Kebnekaise) မှာ ရေခဲတွေပျော်ကျကုန်သဖြင့် နေရာတွင် ယခင်အပတ်တုန်းက နေရာတွင်မရှိတော့ချေ။

(၂)

တောင်ပိုင်းဥရောပနိုင်ငံများက ပို၍ပူလောင်ပါသည်။ စပိန်နှင့် ပေါ်တူဂီတွင် အပူချိန်သည် (၁၀၅-၁၁၀) ဒီဂရီ ဖာရင်ဟိုက်ရှိသည် (၄၀-၄၃ ဆဲစီးယပ်)၊ စနေနေ့က ပေါ်တူဂီနိုင်ငံနေရာများစွာတို့တွင် အပူချိန်မှာ မှတ်တမ်းများတွင် အမြင့်ဆုံးဖြစ်ကုန်သည်။ လွန်ခဲ့သောရက်သတ္တပတ်အတွင်း အပူငွေ့ကြောင့် စပိန်တွင် လူ ၂ ဦးသေသည်။ ပေါ်တူဂီတွင် လူ ၁ ဦး သေဆုံးသည်။

ထို့အတူ မြောက်ပိုင်းလတ္တီကျုဒ်ရှိမြို့များတွင် ကမ္ဘာ့ပျမ်းမျှအပူချိန်တိုးနှုန်းနှင့် မကိုက်ညီဘဲ အပူငွေ့တွေဖြင့် ပို၍ပူနေကြောင်း အောက်စဖို့ဒ် (Oxford) တက္ကသိုလ်နှင့် ကမ္ဘာ့ရာသီဥတုလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဥရောပမြောက်ပိုင်း၌ရှိသော မိုးလေဝသတိုင်းထွာရေးစခန်း ၇ ခု အဆိုအရ အာတိတ်ရပ်ဝန်းနှင့် နီးလေလေ နွေအခါ အပူချိန်သည် ပို၍ပူလေလေ ဖြစ်သည်ကို တွေ့ရှိရသည်။ နော်ဝေ၊ ဆွီဒင်နှင့် ဖင်လန်တို့ရှိ မြို့ကြီးများတွင် ယခု နွေရာသီ၌ ပို၍ပူသည်။ ပျမ်းမျှအပူချိန် ၉၀ ဒီဂရီမျှရှိသည်။

မြောက်ပိုင်းနှင့် အနောက်ဥရောပနိုင်ငံများတွင် ရာသီဥတုသည်ပို၍ ဆိုးရွားသည်ကို တွေ့ရှိရသည်။ ပြင်သစ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်အတူ မိုးခေါင်၍ရေရှားခြင်းကိုလည်း တစ်လှည့်စီတွေ့ရသည်။ နယ်သာလန်တွင် မိုးခေါင်ရေရှားခြင်းက ဒုက္ခပေးလျက်ရှိသည်။

အပူငွေ့မှုတ်ခြင်းမှာ ယခင်က ၁၀ နှစ်လျှင် တစ်ကြိမ်မျှရှိခဲ့ရာမှ ယခုအခါ နှစ်နှစ်လျှင်တစ်ကြိမ်မျှ ဖြစ်ပွားလျက်ရှိသည်။ ၎င်းမှာသိသာ ထင်ရှားသော ပြောင်းလဲချက်ဖြစ်သည်။ အပူငွေ့များမှာ ပို၍များပြားပြီး ပိုမိုအဖြစ်များလာသည်။ ၂၀၀၃ ခုနှစ်က အပူငွေ့ကြောင့်ပင် ဥရောပတစ်ခွင်လုံး၌ လူ ၇၀,၀၀၀ ကျော် သေဆုံးခဲ့ကြသည်။ ၂၀၆၀ ပြည့်နှစ်နောက်ပိုင်းတွင် နွေခါရောက်တိုင်း ကြုံရတော့မည်ဟု ဂျွန်ဇယ် (Jean Jonzel) က ပြောသည်။ ၎င်းမှာ အပြည်ပြည်ဆိုင်ရာ ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ (Intergovermental  Panel On Climate Change) မှဖြစ်ပြီး၂၀၀၇ ခုနှစ်အတွက် နိုဘယ်လ်ဆုချီးမြှင့်ခံရသည်။

မကြာမကြာဖြစ်လေ့ရှိသော လေပူလှိုင်း (Heat Wave) ကြောင့် ဥရောပတွင် ၁၂၀ ဒီဂရီအထိ အပူချိန်တက်သွားနိုင်လေ့ရှိရာ ကမ္ဘာကြီး ပူနွေးလာမှုပုံစံ (Trend) ကို ရပ်ပစ်နိုင်မှသာ ဤဖြစ်ရပ်ကို ကာကွယ်နိုင်လိမ့်မည်ဟု သူက ဆော်ဩခဲ့သည်။ ဤသည်မှာ “ပြင်သစ်နှင့် အနောက်ဥရောပနိုင်ငံများအဖို့ ကမ္ဘာလောက အသစ်အတွင်းသို့ ဝင်ရောက်နေရသလိုဖြစ်ပြီး ဤကမ္ဘာကြီး ပူနွေးလာမှုကို မဟန့်တားပါက မဖြစ်တော့ပေ” ဟု သူကပြောသည်။

ဩစတြီးယားနိုင်ငံရှိ (Dachstein Glacier) မှာ ရေခဲများပျော်ဆင်းလျက်ရှိပြီး ယခုနှစ် နွေရာသီတွင် ၎င်းကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။ တစ်နှစ်ထက်တစ်နှစ် ပို၍ပျော်ဆင်းနေကြောင်း သိနေခဲ့သည်မှာ နှစ်များစွာကြာခဲ့ပါပြီ။ ယခုနှစ် ဇွန်လအပူချိန်မှာ ၁၇၆၈ ခုနှစ်ကစ၍ အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ ဤသည်မှာ အင်းစ်ဘတ် (Innsbruck) တက္ကသိုလ်မှ မှတ်တမ်းများအရ သိခဲ့ရခြင်းဖြစ်ပါသည်။

ဥရောပတွင် ဤသို့အပူငွေ့လှိုင်းတက်ရခြင်းမှာ နေ့စဉ်နှင့်အမျှကို ကြုံနေရခြင်းဖြစ်ပါသည်။ နေ့စဉ်ဖြစ်နေ၍ နေထိုင်ရသည်မှာ ကသိကအောက် ဖြစ်ရသည်။ ဥရောပတိုက်သားတို့၏ လူနေမှုစနစ်တစ်ရပ်လုံးကို ထိခိုက်လျက်ရှိပါသည်။ အရင်အေးသောကာလများက အသားများကို ကင်၍စားရသော (Summer Barbecue) မှာ မီးဘေးအန္တရာယ်ကြောင့် ဆွီဒင်နိုင်ငံတွင် ယခုနွေရာသီတွင်မလုပ်ရဟု တားမြစ်လိုက်ရပြီဖြစ်သည်။

ဥရောပတွင် လူဦးရေ၏ ၅ ရာခိုင်နှုန်းသည် ရာသီဥတုဖောက်ပြန်မှုကို တွေ့ကြုံနေကြရသည်။ အပူငွေ့ပင်ဖြစ်စေ၊ ရေကြီးခြင်းဖြစ်စေ၊ မိုးခေါင်ခြောက်သွေ့ခြင်းဒဏ်ကိုခံရ၍ဖြစ်စေ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့နေရပြီ ဖြစ်၏။ အကယ်၍ ကမ္ဘာပူနွေးလာမှုကို သည်အတိုင်းလွှတ်ထားပါက ဤရာစု၏ နောက်တစ်ဝက်တွင် လူသုံးဦးလျှင် နှစ်ဦးမှာ ဤဒုက္ခများကို ကြုံတွေ့ရဖွယ်ရှိသည်။

ဂျာမနီ ဟန်နိုဘာမြို့ (Hannover) တွင် ဆောင်းရာသီ ပြင်းထန်စွာလေတိုက်လေ့ရှိသဖြင့် လေယာဉ်ကွင်းများ ပိတ်ရခြင်း၊ လေယာဉ်ပျံအချိန်နောက်ကျရခြင်းတို့ ကြုံခဲ့ရာမှ ယခုနှစ် နွေရာသီတွင် ၉၃ ဒီဂရီ အပူရှိန်ကြောင့် နှစ် ၅၀ ကျော်က တည်ဆောက်ခဲ့သော လေယာဉ်ပြေးလမ်းများ ပျက်စီးကုန်ရာမှ လေယာဉ်ပျံသန်းရန် နှောင့်နှေးခြင်းဖြစ်ရသည်။

ဂျာမနီနိုင်ငံမြောက်ပိုင်းတွင် ကြီးစွာသော မိုးခေါင်ရေရှားမှုဒဏ်ကြောင့် သစ်ပင်များ သေကျေကြရရာ အစိုးရအနေဖြင့် ပြည်သူတို့ကို အကူအညီတောင်းရသည်။ ပြည်သူတို့က မိမိတို့ ဥယျာဉ်ထဲမှရေပိုက်များ၊ တစ်ပိုင်တစ်နိုင် ရေများကိုသယ်လာပြီး သစ်ပင်များအပေါ် လောင်းကြရသည်။ အဲလ်ပ (Alps) တောင်တန်းတစ်လျှောက် ဆွစ်ဇာလန်၊ ဩစတြီးယားအနောက်ပိုင်းနှင့် နယ်သာလန်တို့တွင် မိုးခေါင်မှုကြောင့် ကျွဲ၊ နွားအစာ ကောက်ရိုးများ မရှိတော့သဖြင့် ဆောင်းခါတွင် ကျွေးမွေးရန် သိုလှောင်ထားခြင်းမှ ထုတ်ယူကြရသည်။ နို့စားနွားများမှာ အစာပြတ်လပ်၍မဖြစ်ပေ။

ဆွစ်ဇာလန်တွင် နွားအုပ်များကို စားကျက်ကောင်းရာနေရာသို့ရွှေ့ပြောင်းလေ့ရှိကြသည်။ ထိုရွှေ့ပြောင်းရမည့်နွားများမှာ သောက်စရာရေမရှိတော့သဖြင့် အခက်အခဲကြုံနေကြရသည်။ တိုင်းပြည်၏ ဟယ်လီကော်ပတာအသင်းကြီးသို့ မေတ္တာရပ်ခံသဖြင့် လေတပ်အရာရှိများက နွားများသောက်ရန် ရေဂါလန်ထောင်ပေါင်းများစွာကို အပတ်စဉ်ပို့ပေး ကြရသည်။ ယခင်က နွားများသည် ရေတွင်းရေကန်ငယ်ငယ်ကလေးများမှ ရေရရှိခဲ့ကြသော်လည်း ထိုရေကန်များမှာ ခြောက်သွေ့ကုန်ကြပြီဖြစ်သည်။

ယခင် ၂၀၀၃ ခုနှစ်ကလည်း ဤကဲ့သို့ပင် ရေအခက်အခဲကြုံကြရသဖြင့် လေတပ်က ပါဝင်ကူညီခဲ့ဖူးသည်။ အချို့ပိုင်ရှင်များက သူတို့နွားများကို အသေသတ်ရန်ပင် စဉ်းစားနေကြရသည်။ ဟယ်လီကော်ပတာကုမ္ပဏီမှ တစ်နေ့လျှင် ၃၀ မှ ၄၀ ခေါက်မျှ ရေကိုသယ်ယူနေကြရပြီး တစ်ခေါက်တစ်ခေါက်လျှင် ရေ ၂၅၀ ဂါလန်မျှ သယ်ဆောင်၍ရသည်။

ပြင်သစ်နိုင်ငံတွင်မူ အပူချိန်မြင့်တက်မှုသည် စံချိန်မကျိုးသေးပါ။ သို့သော် ဇူလိုင်လမှာ နေအပူဆုံး ၃ လတွင် ၁ လ အပါအဝင်ဖြစ်ပါသည်။ ကမ္ဘာကြီးပူနွေးလာမှု၏ ပြောင်းလဲမှုများကို တွေ့တွေ့လာနေပြီဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းသည် ပြဿနာတစ်ခုဖြစ်သည်။ တစ်နှစ်လျှင် ၃ မီလီမီတာမျှ မြင့်တက်နေသည်ဖြစ်ရာ များပြားသည်ဟု မဆိုနိုင်သော်လည်း ၎င်းသည် နောက်ကြောင်း ပြန်မလှည့်တော့သောကိစ္စဖြစ်သည်။

ပဲရစ်သဘောတူညီချက်က (Pre Industrial Era) ထက် အပူချိန်သည် ၂ ဒီဂရီမျှ လျော့နည်းရမည်ဟုဆိုသည်။ ဤအချက်ကို လိုက်နာနိုင်သော်လည်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကို အချို့က အရေးကြီးသောကိစ္စတစ်ခုဟု မယူဆပါ။ ပင်လယ်ရေမျက်နှာပြင်မှာ နှစ်ပေါင်းရာထောင်ချီ၍ မြင့်တက်နေဦးမည်ဖြစ်သည်။ အချို့ ပင်လယ်ကမ်းခြေမှ လူနေထိုင်မှုကို နှောင့်ယှက်နေကြပြီဖြစ်သည်။

မြေထဲပင်လယ်ကမ်းခြေတစ်ဝိုက်မှ မြို့များ၊ ဗြိတိန်တွင် အတ္တလန် တိတ်သမုဒ္ဒရာကမ်းခြေနှင့် အင်္ဂလိပ်ရေလက်ကြား၊ ပြင်သစ်ပြည်တွင် Bordeaux မြို့အနီးမှ နယ်များတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုက လူများ၊ ငှက်များ၏ နေစရာများကို ဖျက်ဆီးပစ်နေပါသည်။

အင်္ဂလန်နိုင်ငံအတွက်မူ မိုးခေါင်ရေရှားမှုက သစ်သီးဝလံဈေးများကို တိုးမြှင့်စေသည်။ စားရေရိက္ခာကို ရှားပါးစေသည်။ စားသောက်စရာများကို ပြည်ပမှတင်သွင်းနေရပြီး ဈေးနှုန်းများကို ကမောက်ကမဖြစ်စေသည်။ အိုင်ယာလန်တွင် မိုးခေါင်ရေရှားခြင်းမှာ လယ်သမားတို့ဝင်ငွေကို တစ်ဝက်မျှလျော့ကျစေသည်။ ဆွီဒင်နိုင်ငံတွင် ဧကပေါင်း ၆၁,၀၀၀ ကျော်မျှတောမီးလောင်နေသည်။ သစ်တောမျာပြုန်းတီးနေကြရပြီး သစ်တောအပေါ်မှီခိုနေရသော တောသတ္တဝါများမှာ အတိဒုက္ခရောက်ကြရသည်။

(၃)

နေ့စဉ်နှင့်အမျှ သတင်းစာများတွင် တောမီးလောင်သည့်သတင်း၊ ရေကြီးသည့်သတင်း၊ မိုးခေါင်သည့်သတင်းများကို ဖတ်နေကြရပါသည်။ ဩစတြေးလျတိုက်တွင် မိုးခေါင်ရေရှားလျက်ရှိပါသည်။ ဂရိနိုင်ငံတွင် မီးလောင်ခဲ့ပြီး ကာလီဖိုးနီးယားတွင်လည်း ဧကပေါင်းများစွာ မီးလောင်လျက်ရှိပါသည်။

တစ်ကမ္ဘာလုံးခြုံကြည့်လျှင် ၂၀၁၆ သည် အပူဆုံးနှစ်ဖြစ်ပါသည်။ ထိုနှစ်က အယ်နီညို (El nino) ပစိဖိတ်ရာသီစက်ဝန်းကြောင့် အပူချိန်မြင့်ရခြင်းဖြစ်ပါသည်။ ၂၀၁၇ သည် အယ်နီညို မရှိပါဘဲလျက် ၂၀၁၆ နီးပါး ပူခဲ့ပါသည်။ ၂၀၁၈ ခုနှစ် တစ်ဝက်သည်လည်း အယ်နီညိုမရှိပါဘဲလျက် အပူဆုံးဖြစ်နေပါသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာပြီးမှ အပူဆုံးနှစ်များကို ကြုံရသည်မှာ လူတို့၏ဖန်တီးမှုကြောင့် ဖြစ်ပါသည်။ ၎င်းတို့ရပ်တန့်သွားရေးမှာ လူတို့လုပ်နိုင်စွမ်းသောအရာများ ဖြစ်ကြပါသည်။

ကိုသန်းလွင်

Ref: Scorching Summer in Europe, Alissa Rubin, New York Times: 4 August 2018