News

POST TYPE

LATEST NEWS POST

ကျိုက္ကဆံဘုရားဝင်းတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
14-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၄

သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားဝင်းရှိ မြောက်ဘက်မုခ်တွင် ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အမျိုးသားမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၁၀၄ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ကျပန်း အလုပ်လုပ်ကိုင်ကာ အခင်းဖြစ်နေ့က ကျိုက္ကဆံဘုရားဝင်း မြောက်ဘက်မုခ်ရှိ ဆောက်လက်ဆဲအရုဏ်ခံ တန်ဆောင်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေစဉ် လျှပ်စစ်ဝါယာကြိုးကို ခြေဖြင့်နင်းမိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“သေဆုံးသူက အရုဏ်ခံတန်ဆောင်း အသစ်ဆောက်လုပ်နေတဲ့ အလုပ်သမားအဖွဲ့ထဲက ကျပန်း အလုပ်သမားပါ။ ၁၀ ပေလောက်မြင့်တဲ့ သံတိုင်ပေါ်ကို သူ (သေဆုံးသူ)က တက်နေချိန်မှာ ဝါယာကြိုးကိုနင်းမိပြီး ဓာတ်လိုက်ရာက အောက်ကိုပြုတ်ကျခဲ့တာမို့ ဦးခေါင်းနဲ့နှာခေါင်းမှာ သွေးထွက်ဒဏ်ရာ၊ ညာခြေမနဲ့ ခြေသူကြွယ်အောက်မှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးသူ၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၁၈ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03