News

POST TYPE

LATEST NEWS POST

၆ နှစ်ကြာ ဒေါ်လာနှုန်းထား ကန့်သတ်ထားမှုကို ဖြေလျှော့
14-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၄

အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးများ အရောင်းအဝယ် ပြုလုပ်ရာတွင် ဗဟိုဘဏ်သတ်မှတ်နှုန်း၏ သုည ဒသမ ၈ ရာခိုင်နှုန်းသာ အတိုးအလျှော့ ပြုလုပ်နိုင်သည့် သတ်မှတ်ချက်ဘောင်ကို ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။

ယင်းကဲ့သို့ သတ်မှတ်ချက်ဘောင်ကို ပယ်ဖျက်လိုက်သည့်အတွက် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များအားလုံးနှင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ် ပေးခွင့်လိုင်စင်ရ ငွေလဲကောင်တာများသည် နှစ်သက်ရာ လဲလှယ်နှုန်းဖြင့် ရောင်းဝယ်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အဓိက အသုံးပြုနေသည့် ကန်ဒေါ်လာနှုန်းထားကို ထိန်းချုပ်မှုရှိသည့်နှုန်းရှင် (Managed Floating) စနစ်မှ ထိန်းချုပ်မှုမရှိသည့် Free Floating စနစ်ပုံစံသို့ ပြောင်းလဲလိုက်ခြင်းကို ပညာရှင်အချို့က ဝေဖန်ပြောဆိုသကဲ့သို့ အချို့ကလည်း ထောက်ခံမှုများ ရှိနေသည်။

“အန်ကယ့်အမြင်အရတော့ ဈေးကွက်အထိန်းအကွပ်မရှိဘဲ ဒီလိုမျိုးလွှတ်ပေးလိုက်တာ အချိန်အရမ်းစောသေးတယ်လို့ မြင်တယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်က မရင့်ကျက်သေးတဲ့ ဈေးကွက် ဖြစ်နေတဲ့အပြင် တရားမဝင် (Informal) ဈေးကွက်ကြီးကလည်း အကြီးကြီး ရှိနေသေးတော့ ဒီဈေးကွက်ကို ဘယ်လိုနည်းနဲ့ ထိန်းကျောင်းမယ်ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ”ဟု ဘဏ်လုပ်ငန်းပညာရှင် ဦးသန်းလွင်က ထောက်ပြပြောဆိုသည်။

ဗဟိုဘဏ်က ငွေကြေးဈေးကွက်၏ ရောင်းလိုအား၊ ဝယ်လိုအားကို ထိန်းကျောင်းရန်ရည်ရွယ်၍ ထိုစနစ်ကိုပြောင်းလဲခြင်း ဖြစ်နိုင်သော်လည်း အမှန်တကယ် ဒေါ်လာဈေးမြင့်တက်ခြင်း၏ နောက်ကွယ်တွင် အကြောင်းအရာ များစွာရှိနေပြီး ကုန်သွယ်ရေး အခြေအနေနှင့် ငွေကြေးဖောင်းပွမှုနှုန်းများဆိုသည့် အကြောင်းအရင်းများကဲ့သို့ ကျန်အကြောင်းအရာများစွာပေါ် အခြေခံ၍ အပြောင်းအလဲများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုလိုမျိုး ကန့်သတ်ချက် ပယ်ဖျက်ပေးတာ ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒေါ်လာဈေး ထိန်းချုပ်ဖို့ဆိုရင်လည်း ဒီနည်းလမ်းတွေပဲ သုံးကြတယ်”ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောဆိုသည်။

သို့သော် လက်ရှိ ဗဟိုဘဏ်က ရည်ညွှန်းနှုန်းထား သတ်မှတ်ထုတ်ပြန်နေခြင်းမှာ ဒေါ်လာဈေးကွက်ကို မည်သည့် အကျိုးသက်ရောက်မှုမျှ ဖြစ်ပေါ်စေခြင်းမရှိဘဲ ပြင်ပဒေါ်လာဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်သည့်ဈေးသည် ပြင်ပတွင် အမှန်တကယ် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများဖြင့်သာ ရောင်းဝယ်နေကြခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

ထိုသို့ ဗဟိုဘဏ်က ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီးနောက် ဒေါ်လာဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာပြီး ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၂၀ ကျပ်ခန့်အထိ မြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

“ဒေါ်လာဈေးတက်တာ တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်မှုစစ်ပွဲကြောင့် ဖြစ်တာ။ အခုတော့ တခြားနိုင်ငံတွေမှာ ငြိမ်နေတယ်ဆိုပေမယ့် ဒီမှာတော့ တက်နေတယ်။ ဒါပေမဲ့ အခုလုပ်နေတဲ့ နည်းလမ်းတွေက အသားကျသွားမယ်ဆိုရင်တော့ ထိရောက်လာမယ်။ ဒေါ်လာဈေး ပြန်ကျလာမယ်”ဟု ဦးလှမောင်က မှတ်ချက်ပြုသည်။

သို့သော် ဦးသန်းလွင်ကမူ “အခုက အထိန်းအကွပ် မရှိတော့မယ့် ဈေးကွက်ကြီးလို ဖြစ်သွားမယ်။ အခြားနိုင်ငံတွေမှာက ဈေးကွက်က ရင့်ကျက်နေပြီဆိုတော့ ဈေးကွက်က သူ့ဘာသာ ထိန်းကျောင်းသွားကြတယ်။ ဒီနိုင်ငံမှာ အဲလိုအခြေအနေမျိုး မရှိသေးဘူး”ဟု ဦးသန်းလွင်က ပြောဆိုသည်။

၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံခြား ငွေကြေးဈေးနှုန်းများကို ဗဟိုဘဏ်က ထိန်းချုပ်မှုရှိသောနှုန်းရှင် (Managed Floating) စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် ယင်းစနစ်ဖြစ်သည့် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း၏ သုည ဒသမ ၈ ရာခိုင်နှုန်း အတိုးအလျှော့ လုပ်နိုင်ခြင်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

သို့သော် ယခုကန့်သတ်ချက် ဖြေလျှော့ပေးလိုက်ခြင်းသည် ထိန်းချုပ်မှု မရှိသည့်နှုန်းရှင် (Free Floating) စနစ်သို့ ပြောင်းလဲပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ Managed Floating စနစ်မှာ ရှိနေဦးမည်ဖြစ်ပြီး ဈေးကစားသူများ၏ ဒေါ်လာများ ဈေးကွက်အတွင်းသို့ ပြန်လည်ရောက်ရှိလာစေရန် ရည်ရွယ်၍ ယင်းသို့ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

“ဈေးကွက်ထဲမှာ ကစားမှုတွေ လျော့ကျသွားအောင် လုပ်တဲ့သဘောပါ။ အခုက ဒေါ်လာဈေးတက်ရင် ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနှုန်းထားကိုကြည့်ပြီး ဈေးတွေ သတ်မှတ်ရတယ်ဆိုပြီး ပြောနေကြလို့ လုပ်လိုက်တာထင်တယ်”ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က ပြောဆိုသည်။

ယခင်ကတည်းက ဗဟိုဘဏ်က ဒေါ်လာဈေးကို သတ်မှတ်ထုတ်ပြန်ပေးနေသော်လည်း အမှန်တကယ်တွင် ပြင်ပ၌ ဖြစ်ပေါ်နေသည့်ဈေးဖြင့်ပင် အရောင်းအဝယ် လုပ်နေခဲ့ကြခြင်းဖြစ်ပြီး ယခု ပြောင်းလဲမှုမှာလည်း ယင်းပုံစံကိုပြောင်းလဲနိုင်မည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“ဈေးကွက်ပြောင်းလဲမှု မရှိနိုင်ဘူး။ အရင်ထဲကလည်း ပြင်ပပေါက်ဈေးနဲ့ပဲ တကယ်အရောင်းအဝယ် လုပ်နေကြတာပဲ။ ဗဟိုဘဏ်ကလည်း ဈေးကွက် လိုအပ်ချက်အတိုင်း ဒေါ်လာကို ထုတ်မရောင်းပေးနိုင်ဘဲ နည်းနည်းပါးပါးပဲ ထုတ်ရောင်းပေးနိုင်တယ်လေ”ဟု ၎င်းက ပြောဆိုသည်။

ဒေါ်လာဈေးသည် ဩဂုတ်လ ၁၁ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၄၆၅ ကျပ်မှ ယခုအခါ တစ်ဒေါ်လာ ၁၄၈၅ ကျပ်သို့ မြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04, J-01