News

POST TYPE

LATEST NEWS POST

အူဂါမွတ်ဆလင်များနှင့်ပတ်သက်သော ကုလသမဂ္ဂ၏စွပ်စွဲချက်ကို တရုတ်တုံ့ပြန်၊ ဆီးရီးယားလိုမဖြစ်စေရန် ရှင်ကျန်းကို တင်းကျပ်ထားခြင်းဖြစ်ဟုဆို
14-Aug-2018


ဘေဂျင်း၊ ဩဂုတ် ၁၃

တရုတ်နိုင်ငံ အနောက်ပိုင်းစွန်းစွန်းရှိ ရှင်ကျန်းပြည်နယ်တွင်း ကျင့်သုံးလျက်ရှိသည့် တင်းကျပ်သော လုံခြုံရေးမူဝါဒများက ယင်းဒေသတစ်ဝိုက်တွင် ယမ်းပုံမီးကျအခြေအနေ ပေါ်ပေါက်လာခြင်းမရှိအောင် ကာကွယ်ပေးနိုင်ခဲ့သည်ဟု တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာဖြစ်သော Global Times က ထုတ်ဖော်ရေးသားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်အစိုးရသည် ရှင်ကျန်းပြည်နယ်ရှိ အူဂါမွတ်ဆလင်များကို နိုင်ငံတော်၏ ရန်သူသဖွယ် သဘောထားသတ်မှတ်ကာ ဖိနှိပ်မှုများဖြင့် ဆက်ဆံလျက်ရှိသည်ဟု ဆိုထားသည့် ကုလသမဂ္ဂအစီရင်စာတစ်ရပ်ကို ကွန်မြူနစ်အာဘော်သတင်းစာက အထက်ပါအတိုင်း တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

သောကြာနေ့က ကုလသမဂ္ဂလူမျိုးရေးနှင့် ဘာသာရေးခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ (UNCER) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှင့်ပတ်သက်၍ Global Times သတင်းစာက အယ်ဒီတာ့အာဘော်တွင် “တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာသည့် ခေါင်းဆောင်မှုနှင့် တိုင်းပြည်၏ ကြီးမားသော အမျိုးသားအင်အားကြောင့် ရှင်ကျန်းပြည်နယ်သည် အကြီးအကျယ် ဝရုန်းသုန်းကားဖြစ်မည့် အခြေအနေမှ ရုန်းထွက်လာနိုင်ခြင်း ဖြစ်သည်။ 

အမှန်စင်စစ် ရှင်ကျန်းသည် တရုတ်ပြည်၏ ဆီးရီးယား သို့မဟုတ် တရုတ်ပြည်၏ လစ်ဗျားလိုဖြစ်လာမည့်ဘေးမှရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်”ဟု ရေးသားဖော်ပြသည်။ 

ထို့ပြင် ရှင်ကျန်းပြည်နယ်တွင်း လုံခြုံရေးအခြေအနေကို လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်ခြင်းကြောင့် မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို လုံခြုံအောင် လုပ်ဆောင်ပေးနိုင်ခဲ့ရုံသာမက ကြီးမားသည့် ဘေးဒုက္ခဆိုးကြီးနှင့် လွဲချော်သွားအောင်လည်း လုပ်ပေးနိုင်ခဲ့ကြောင်း ယင်းသတင်းစာက ဆိုသည်။ 

အနောက်ကမ္ဘာက အလွန်အမင်း စန်းတင်သည့်ကိစ္စများကြောင့် နိုင်ငံအတော်များများနှင့် ဒေသအတော်များများတွင် ကမောက်ကမဖြစ်ခဲ့ရသည်ဟုလည်း ဖော်ပြသည်။ 

UNCER က တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေကို နှစ်စဉ် ပြန်လည်သုံးသပ်သော ဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် သတင်းပတ်အတွင်း နှစ်ရက်တာမျှ ကျင်းပခဲ့ရာ အူဂါမွတ်ဆလင်များ ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဂျနီဗာတွင်ကျင်းပပြုလုပ်သော ယင်းဆွေးနွေးပွဲ၌ UNCER ဒုတိယဥက္ကဋ္ဌ မစ္စဂေးမက်ဒေါ်ဂယ်က တရုတ်အစိုးရ၏ အစွန်းရောက်ဘာသာရေးအယူဝါဒ နှိမ်နင်းရေးနည်းလမ်းများကြောင့် အူဂါတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အပြောင်းအလဲဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

တရုတ်အစိုးရက ရှင်ကျန်းပြည်နယ်သည် အစ္စလာမ္မစ်နှင့် အစွန်းရောက်အင်အားစုများ၏ အန္တရာယ်ပြုခြိမ်းခြောက်ခြင်းကို ခံနေရပြီဖြစ်သည်ဟု ဆိုထားသည်။ အထူးသဖြင့် ယင်းပြည်နယ်ရှိ အူဂါမွတ်ဆလင်နှင့် ဟန်တိုင်းရင်းသားတို့အကြား ပဋိပက္ခမှာ အစ္စလာမ္မစ်အစွန်းရောက်တို့၏ ခြိမ်းခြောက်မှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုထားသည်။

F-01