News

POST TYPE

LATEST NEWS POST

ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် ယာဉ်ငါးစီး ဆင့်တိုက်၊ တစ်ဦးသေ သုံးဦးဒဏ်ရာရ
10-Aug-2018



ရန်ကုန်၊ သြဂုတ် ၁၀

ကြည့်မြင်တိုင် ကမ်းနားလမ်းရှိ မြို့နယ်မီးသတ်စခန်း အရှေ့တွင် သြဂုတ်လ ၁၀ ရက် (ယနေ့) နံနက် ၁ နာရီခန့်က ယာဉ်ငါးစီးဆင့်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှသိရသည်။

ယာဉ်တိုက်မှု ကျူးလွန်ခဲ့သည့် ဒေါင်ဖန်းအမျိုးအစား ၂၄ ဘီး ကွန်တိန်နာယာဉ်မှာ အလုံမှ ကမာရွတ်ဘက်သို့ ကမ်းနားလမ်းအတိုင်း မောင်းနှင်လာစဉ် ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းအရှေ့အရောက် အရှိန်မထိန်းနိုင်ဖြစ်ပြီး ရှေ့ယာဉ်ကြောပိတ်၍ ရပ်နေသော Nissan အမျိုးအစား ကွန်တိန်နာယာဉ်တစ်စီးကို ဝင်တိုက်မိပြီးနောက် လမ်းဘေးတွင် ရပ်နားထားသည့် ကင်တာအမျိုးအစား ယာဉ်သုံးစီးကို ထပ်မံဝင်တိုက်မိခဲ့သည်။

“ကားလေးစီးကို ဝင်တိုက်မိတဲ့ ကွန်တိန်နာကားက လမ်းဘေးမီးတိုင်နဲ့ တိုက်ခန်းမျက်နှာစာ တစ်ခုကိုပါ ထပ်တိုက်မိခဲ့သေးတယ်။ ယာဉ်တိုက်မှု ကျူးလွန်တဲ့ ကားသမားက ထွက်ပြေးသွားပြီ။ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေနားမှာ ရှိနေတဲ့ အမျိုးသမီးတစ်ယောက်က နေရာမှာတင် သေဆုံးသွားရှာတယ်”ဟု ယာဉ်ထိန်းရဲအရာရှိက ရှင်းပြသည်။

အဆိုပါ ယာဉ်ငါးစီးဆင့်တိုက်မှုကြောင့် ကမ်းနားလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာဖြစ်ပွားခဲ့ပြီး ဒေါင်ဖန်းယာဉ် ခေါင်းခန်းတွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးနှင့် ကင်တာယာဉ် တစ်စီးပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိကာ အသက် ၄၃ နှစ် ဒေါ်ညွန့်ညွန့်စိန် (ဈေးရောင်း) မှာ ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် ယာဉ် မဆင်မခြင်မောင်းနှင်သည့် တိုက်ပြေးယာဉ်မောင်း အမျိုးသားကို ကြည့်မြင်တိုင် မြို့မရဲစခန်းမှ ယာဉ် (ပ)၂၅/၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ /၂၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03