News

POST TYPE

LATEST NEWS POST

ဆော်ဒီအာရေဗျကို ဆက်လက်ဖိအားပေးသွားမည်ဟု ကနေဒါဝန်ကြီးချုပ်ပြော၊ သို့သော် တင်းမာမှုများအတွက် ငြိမ်းချမ်းရေးကမ်းလှမ်း


မွန်တီရီးယဲလ်၊ ဩဂုတ် ၉

ဆော်ဒီအာရေဗျနိုင်ငံတွင်း အရပ်သားများ လွတ်လပ်ခွင့်ရရှိရေးအတွက် ကနေဒါနိုင်ငံအနေနှင့် ဆက်လက်ဖိအားပေးသွားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကနေဒါနှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုးရွားနေစဉ် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ သို့သော် ဆော်ဒီဘုရင်နိုင်ငံသည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ တိုးတက်ဖြစ်ထွန်းမှုများ ရှိလာသည်ဟု ချီးမွမ်းပြောဆိုခြင်းဖြင့် တင်းမာမှုများပြေလျော့စေရန် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ကြိုးပမ်းလိုက်သည်။ 

ဆော်ဒီအာရေဗျတွင် ဖမ်းဆီးခံထားရသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို အမြန်ဆုံးလွှတ်ပေးရန် ကနေဒါက ပြီးခဲ့သည့်သီတင်းပတ်အတွင်း တောင်းဆိုမှုကြောင့် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး အပ္ပဒဲအယ်လ်ဂျူဘီးယားမှာ ပြင်းထန်စွာ အမျက်ဒေါသထွက်ခဲ့သည်။ 

ထိုသို့ ဆော်ဒီအာရေဗျနိုင်ငံတွင်း အရေးကိစ္စများကို ဝေဖန်သုံးသပ်မှုနှင့် တောင်းဆိုမှုများပြုလုပ်ခဲ့သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွားသွားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက “အော်တဝါ (ကနေဒါအစိုးရ) အနေနဲ့ ကြီးမားတဲ့အမှားတွေကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။ 

ဆော်ဒီအာရေဗျအစိုးရသည် ယင်းကိစ္စနှင့်ဆက်နွှယ်ပြီး ကနေဒါနှင့်ကုန်သွယ်ရေးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရပ်ဆိုင်းလိုက်သလို ကနေဒါသံအမတ်ကြီးကိုလည်း နိုင်ငံတွင်းမှမောင်းထုတ်ခဲ့သည်။ 

နှစ်နိုင်ငံအကြား သံတမန်ရေးအမြင် ကွဲပြားချက်ကိစ္စသာဖြစ်သည်ဟု ဆိုထားသူ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ကနေဒါ နိုင်ငံခြားရေးဝန်ကြီးသည် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးနှင့် အင်္ဂါနေ့က အချိန်ကြာမြင့်စွာ စကားပြောဆိုခဲ့သည်ဟု ဆိုသည်။ သို့သော် အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်မှုမပြုပေ။ 

“သံတမန်ရေးအရ ဆွေးနွေးမှုတွေတော့ ဆက်ရှိနေပါတယ်၊ ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်တာမျိုးကို ကျွန်တော်တို့မလိုချင်ပါဘူး။ ဆော်ဒီအာရေဗျဟာ ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားပြီး ထူးခြားတဲ့နိုင်ငံတစ်နိုင်ငံပါ။ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီးလည်း တိုးတက်ဖြစ်ထွန်းမှုတွေရှိပါတယ်”ဟု ဝန်ကြီးချုပ် ထရူးဒိုးက ပြောကြားသည်။ 

“ဒါပေမဲ့ ဆော်ဒီအာရေဗျသာမက အခြားတစ်နေရာမှာဖြစ်ဖြစ် စိန်ခေါ်မှုတွေ ရှိနေသေးသရွေ့ ကျွန်တော်တို့ကလည်း ဆက်ပြီးထောက်ပြဝေဖန်သွားမှာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဆော်ဒီအာရေဗျနိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိသည်ဟု ကနေဒါနိုင်ငံက သောကြာနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

F-01