News

POST TYPE

LATEST NEWS POST

ပြည်သူများ သက်ပြင်းချလိုက်နိုင်သည့် ကျောက်ဖြူရေနက် စီမံကိန်း အပြောင်းအလဲ
09-Aug-2018
အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ကုန်ကျမယ်လို့ မူလက သဘောတူထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ထပ်မံဆွေးနွေးညှိနှိုင်းအပြီးမှာ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက်သာ ကုန်ကျတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်က ပြောကြားကြောင်း ဩဂုတ် ၂ ရက် ရိုက်တာသတင်းက ဆိုပါသည်။ ဒီစီမံကိန်းကြီး စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ တရုတ်ရဲ့အကြွေးနွံနစ်မှာ စိုးရိမ်နေရတဲ့ ပြည်သူတွေအတွက်တော့ ဒီအပြောင်းအလဲဟာ ဝမ်းသာစရာသတင်းဖြစ်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်လို့ အပြီးသတ်သဘောတူညီမှု မရသေးဘူးဆိုပေမယ့် လက်ရှိဆွေးနွေးညှိနှိုင်းမှု နောက်ဆုံးရအခြေအနေတွေကို လေ့လာတင်ပြပေးလိုက်ပါတယ်။

စီမံကိန်းအရွယ်အစား လျှော့ချခြင်း

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့အရွယ်အစားကို ကြီးကြီးမားမား လျှော့ချလိုက်ပြီလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလို့ ဆိုကြတဲ့ ရှောင်တာနယ်ကတော့ ရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ်ဟာ ထပ်မံညှိနှိုင်းမှုတွေအရ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက်ပဲ ရှိတော့မှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် အိုးနဲ့ဆန် တန်လောက်မယ့် ပမာဏဖြစ်သွားပြီလို့ ရိုက်တာသတင်းဌာနကို ပိုပြီး တိတိကျကျပြောပါတယ်။ စီမံကိန်းကို အဓိကဆောက်လုပ်မယ့် တရုတ်အစိုးရပိုင်ကုမ္ပဏီ CITIC Group ကလည်း စီမံကိန်းကနဦးအဆင့်အတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ကုန်ကျကာ အဆင့်လေးဆင့်နဲ့ ဖော်ဆောင်မယ်လို့ အတည်ပြုပြောကြားပါတယ်။

မူလအစီအစဉ်အရဆိုရင် ဆိပ်ကမ်းဟာ သင်္ဘော ၁၀ စီး တစ်ပြိုင်နက် ဆိုက်ကပ်နိုင်မှာဖြစ်ပြီး ဖိလစ်ပိုင်က မနီလာဆိပ်ကမ်း၊ စပိန်က ဗလင်စီယာဆိပ်ကမ်းတို့နဲ့ အရွယ်အစားချင်း ယှဉ်ပြိုင်နိုင်ဖို့အထိ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးသဘောတူညီချက်အရ သင်္ဘောနှစ်စီးသာ တစ်ပြိုင်နက် ဆိုက်ကပ်နိုင်တော့မှာဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်တယ်ဆိုခါမှ ဆက်ပြီး တိုးချဲ့တည်ဆောက်မှာဖြစ်တယ်လို့ ဦးဆက်အောင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရင်သမ္မတ ဦးသိန်းစိန်လက်ထက်က နဦးသဘောတူညီချက်တွေအရဆိုရင်တော့ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ကုန်ကျပြီး ပူးတွဲဖော်ဆောင်မယ့် အထူးစီးပွားရေးဇုန်ကတော့ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေနက်ဆိပ်ကမ်းဟာ စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ စီမံကိန်းအတွက် ချေးရမယ့် တရုတ်အစိုးရဆီက အကြွေးတွေ ပြန်မဆပ်နိုင်လို့ ဆိပ်ကမ်းကို တရုတ်အစိုးရက အကြွေးနဲ့သိမ်းသွားမယ့် အနေအထားမျိုး ရောက်လာနိုင်တယ်ဆိုပြီး လေ့လာသူတွေက သတိပေးခဲ့ကြပါတယ်။ ဥပမာပြောရရင် သီရိလင်္ကာနိုင်ငံက ဟမ်ဘန်တိုတာ ဆိပ်ကမ်း  (Hambantota Port) လို တရုတ်က အကြွေးနဲ့သိမ်းသွားမှာ စိုးရိမ်ကြတာပါ။

“အခုအထိ ညှိနှိုင်းသဘောတူထားပြီးအချက်တွေအရ နိုင်ငံတော် အစိုးရအနေနဲ့ အကြွေးနွံနစ်စရာ လုံးဝမရှိပါဘူး။ စီမံကိန်းကိုလည်း လိုအပ် သလောက် အရွယ်အစားနဲ့ပဲ စတင်မှာပါ။ ကျွန်တော်တို့ သဘောတူထား ချက်အရ စီမံကိန်းဟာ Supply-based ဆိုတာထက် Demand-based အဖြစ် အကောင်အထည်ဖော်မယ်။ ဒါ့အပြင် စီမံကိန်းကိုလည်း တိုးချဲ့ချင်သလို တိုးချဲ့လို့မရဘဲ၊ လုံလောက်တဲ့ Demand ရှိမှ တိုးချဲ့ရမှာဖြစ်ပြီး စီမံကိန်းက ရတဲ့ဝင်ငွေဟာ Total Operation Cost ကို ကာမိမှ တိုးချဲ့ခွင့်ပြုဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ဆုံး ညှိနှိုင်းသဘောတူပြီးသားအချက်တွေအရ ပြည်သူအများ စိုးရိမ်သလို မလိုအပ်ဘဲ စီမံကိန်းအကြီးကြီးဆောက်ပြီး အကြွေးနွံနစ်စရာ မရှိပါဘူး” လို့လည်း ဧရာဝတီသတင်းဌာနကို ဦးဆက်အောင်က ပြောပါတယ်။

ကုန်ကျစရိတ်ကို ပြန်လည်သုံးသပ်ခြင်း

ဦးဆက်အောင်က ဆိပ်ကမ်းတည်ဆောက်ရေးကုန်ကျစရိတ်တွေကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတကာအကြံပေးအဖွဲ့တစ်ခု ငှားရမ်းမယ်လို့လည်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒီအချက်ကတော့ စာရေးသူ သဘောအကျဆုံးပဲ ဖြစ်ပါတယ်။ တရုတ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ CITIC Group ကုမ္ပဏီဟာ အရင်အစိုးရလက်ထက်မှာ ဆိပ်ကမ်းတည်ဆောက်ဖို့ တင်ဒါအောင်ခဲ့တာဖြစ်တဲ့အတွက် သူတို့ တင်ပြအဆိုပြုခဲ့တဲ့ကုန်ကျစရိတ် အမှန်အကန် ဟုတ်မဟုတ်ကို ပြန်လည်စစ်ဆေးသင့်ပါတယ်။ ရှောင်တာနယ်ကလည်း ရေနက်ဆိပ်ကမ်းအတွက် ဒေါ်လာ ခုနစ်ဘီလီယံကျော် ကုန်ကျစရိတ်ဟာ အလွန်များပြားလွန်းပြီး အဓိပ္ပာယ်မရှိဘူးဆိုပြီး မေလထဲမှာ ဝေဖန်ပြောကြားခဲ့ဖူးပါတယ်။ CITIC Group ကတော့ စီမံကိန်းကို စာရင်းစစ်ဖို့ တတိယပါတီ (Third Party) ကုမ္ပဏီတစ်ခု ငှားရမ်းရေး မဆွေးနွေးခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

ရှယ်ယာအချိုးအစားနဲ့ ချေးငွေပုံစံ အပြောင်းအလဲ

စီမံကိန်းနဲ့ပတ်သက်လို့ နောက်ဆုံးအပြောင်းအလဲကတော့ ပိုင်ဆိုင်မှု အချိုးအစားနဲ့ ချေးငွေပုံစံပါ။ မူလကတော့ တရုတ်အစိုးရက ရှယ်ယာ ၈၅ ရာခိုင်နှုန်း၊ မြန်မာအစိုးရဘက်က ၁၅ ရာခိုင်နှုန်းဆိုပြီး ခွဲဝေခဲ့ကြပါတယ်။ နောက်ပိုင်း ပြန်ညှိတဲ့အခါမှာတော့ တရုတ်အစိုးရက ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ မြန်မာပုဂ္ဂလိက ကုမ္ပဏီတွေက ၁၅ ရာခိုင်နှုန်းဆိုပြီး အရင်နှစ်ကတည်းက သတင်းတွေထွက်ခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက် ဧရာဝတီသတင်းမှာတော့ မြန်မာဘက်က ၃၀ ရာခိုင်နှုန်း ရမယ်ဆိုပြီး ဦးဆက်အောင်က အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းအတွက် ကုန်ကျစရိတ်ကို တရုတ်အစိုးရဆီက ချေးယူမယ့်သဘောရှိပါတယ်။ ဒါပေမဲ့ အဲဒီချေးငွေတွေအတွက် မြန်မာအစိုးရက အာမခံချက်ပေးမှာမဟုတ်ဘူး၊ Sovereign Gurantees မပေးဘူးလို့လည်း ဦးဆက်အောင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“အဓိကဆွေးနွေးညှိနှိုင်း သဘောတူညီချက်သုံးချက်ရှိပါတယ်။ အဓိကဆွေးနွေးညှိနှိုင်း သဘောတူညီမှုရပြီးတဲ့ အချက်တွေကတော့ (၁) စီမံကိန်းကို လိုသလောက် အရွယ်အစားနဲ့ပဲ စဖို့ သဘောတူပြီးတဲ့အတွက် အရင်ကပုံစံမျိုး ဒေါ်လာ ၉ ဘီလီယံ၊ ၁၀ ဘီလီယံလောက်ရှိတဲ့ စီမံကိန်းအကြီးစားကြီး မဟုတ်တော့ဘဲ၊ Phase 1 အနေနဲ့ စီမံကိန်းအသေးစား ဒါမှမဟုတ် အလတ်စားနဲ့စမှာပါ။ (၂) Phase 1 ကနေ Phase 2, 3 တိုးချဲ့တဲ့အခါမှာလည်း Phase 1 ရဲ့ Operating Capacity ရဲ့ ဘယ်လောက်ရာခိုင်နှုန်းပြည့်မှ Phase 2 ကို တိုးချဲ့ခွင့်ပေးမယ်၊ Phase 1 Operation က ရတဲ့ဝင်ငွေက Total Operation Cost ကို ကာမိမှ Phase 2 ကို တိုးချဲ့ခွင့်ပေးမယ် စတဲ့ သတ်မှတ်ချက်တွေကို သဘောတူထားပါတယ်။ (၃) စီမံကိန်းချေးငွေဟာလည်း ပုဂ္ဂလိကချေးငွေသာဖြစ်ဖို့၊ နိုင်ငံတော်အနေနဲ့ လုံးဝမချေးဖို့နဲ့ ချေးငွေအာမခံကိုလည်း နိုင်ငံတော်က လုံးဝပေးစရာမလိုဖို့ သဘောတူထားပါတယ်” လို့လည်း ဦးဆက်အောင်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

“ဗိုက်နာ” နေသော တရုတ်

တကယ်တော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ပေါ်ဖို့ လိုလားနေတာက တရုတ်အစိုးရဖြစ်ပြီး မြန်မာအနေနဲ့ကတော့ သိပ် အလိုလားကြီးမဟုတ်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွက် ရန်ကုန်က ဆိပ်ကမ်းတွေနဲ့တင် လုံလောက်နေသလို ကျောက်ဖြူဆိပ်ကမ်းဟာ ရန်ကုန်၊ မန္တလေးတို့နဲ့ မချိတ်ဆက်ရသေးဘဲ သယ်ယူပို့ဆောင်ရေးအတွက် အဆင်မပြေလို့ မက်လောက်စရာမရှိပါဘူး။ စီမံကိန်းက ဖန်တီးပေးမယ့် အလုပ်အကိုင်အခွင့်အလမ်းကိုလည်း သိပ်မျှော်လင့်လို့ရမယ် မထင်ပါဘူး။ ၂၁ ရာစု ပိုးလမ်းမသစ် မဟာစီမံကိန်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရရှိမယ့် အကျိုးအမြတ်တွေကလည်း မရေရာ မသေချာလှပါဘူး။

တရုတ်အတွက်ကတော့ ကုန်းတွင်းပိတ်ပြည်နယ်တွေ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရဖို့၊ လမ်းကြောင်းကျပ်ပြီး စစ်ဖြစ်လာရင် အားကိုးလို့မရတဲ့ မလက္ကာရေလက်ကြားအပြင် ရေလမ်းကြောင်းအသစ်ရဖို့၊ ကျောက်ဖြူ-ကူမင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းလည်း ရှိပြီးသားဖြစ်တဲ့အတွက် အရှေ့အလယ်ပိုင်းဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တင်သွင်းဖို့ ကျောက်ဖြူရေနက်ဆိပ်ကမ်းက အလွန်အရေးပါနေပါတယ်။ ပွဲစားလောက စကားနဲ့ပြောရရင် တရုတ်က “ဗိုက်နာ” နေတဲ့ ရောင်းသူဖြစ်ပြီး မြန်မာက စိတ်ကြိုက်ဈေးခေါ်ညှိနှိုင်းနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဒါပေမဲ့ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရင် တရုတ်ကို လျော်ရမယ့်ကိစ္စ၊ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲလာရေး တရုတ်ကို အတိုင်းအတာတစ်ခုအထိ အားကိုးနေရတဲ့ကိစ္စ၊ ရခိုင်အရေး ကုလသမဂ္ဂစင်မြင့်မှာ တရုတ်ရဲ့ ဗီတိုအာဏာကို အားကိုးနေရတဲ့ကိစ္စ စတာတွေကြောင့် တရုတ်ကို ခပ်တင်းတင်းဆက်ဆံလို့ မရတာလည်း ရှိနေပါတယ်။ ဒါကြောင့် တရုတ်ကိုလည်း စိတ်ကျေနပ်စေ၊ မြန်မာနိုင်ငံအတွက်လည်း မနစ်နာစေပုံစံမျိုးနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပါးပါးနပ်နပ် လိမ်လိမ်မာမာ အကောင်အထည်ဖော်နိုင်ပါစေလို့ပဲ မျှော်လင့်ဆုတောင်းမိပါတယ်။

မိုးအေး (ကျွန်းချောင်း)
Ref; Reuters, Irrawaddy