News

POST TYPE

LATEST NEWS POST

မင်းကင်းတွင် ရေကြီး၍ ရေဘေးရှောင်သူထပ်တိုး
07-Aug-2018
ကလေး၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး လူနေအိမ်များအတွင်း ရေများဝင်ရောက်လာသဖြင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စု ၆၆ စုအထိ ရှိလာကြောင်း ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

မင်းကင်းမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၃၅၀ စင်တီမီတာဖြစ်ပြီး ဩဂုတ်လ ၇ ရက်နေ့ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ၁၃၇၉ စင်တီမီတာသို့ ရောက်ရှိနေသည်။

ယင်းသို့ မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်ပြီးနောက် မင်းကင်းမြို့ပေါ်ရှိ အမှတ် (၃) ရပ်ကွက်၊ ကြီးတောင်ဦးကျေးရွာနှင့် ကံကျေးရွာအတွင်း မြစ်ရေဝင်ရောက်သဖြင့် အဆိုပါနေရာများမှ အိမ်ထောင်စု ၆၆ စုမှ လူဦးရေ ၂၇၇ ဦးသည် ရေလွတ်ရာ ကုန်းမြင့်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေမျိုးအိမ်များတွင် ပြောင်းရွှေ့နေထိုင်နေကြောင်း မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

“ပြောင်းရွှေ့နေထိုင်နေရသူတွေအတွက် စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ထားပါတယ်”ဟု ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးမြတ်ဇော်ထွန်းက ပြောဆိုသည်။

မင်းကင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်သဖြင့် ဩဂုတ်လ ၃ ရက်နေ့မှ စတင်ပြောင်းရွှေ့ခဲ့ရာ ဩဂုတ်လ ၄ ရက်နေ့တွင် အိမ်ထောင်စု ၄၉ စု၊ လူဦးရေ ၂၀၉ ဦးပြောင်းရွှေ့နေထိုင်ခဲ့ရပြီး မိုး ဆက်တိုက်ရွာသွန်းပြီး မြစ်ရေ ဆက်လက်တိုးနေသဖြင့် ပြောင်းရွှေ့နေထိုင်သူ ဦးရေ ထပ်တိုးလာခြင်း ဖြစ်ကြောင်း မင်းကင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့အပြင် မုံရွာမြို့တွင်လည်း စိုးရိမ်ရေမှတ် အထက်ကျော်လွန်နေပြီး ကလေးဝနှင့် မော်လိုက်မြို့ စသည့်မြို့များတွင်လည်း မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းဘေးနေထိုင်သူများ သတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

R-20