News

POST TYPE

LATEST NEWS POST

မိုးများ၍ ရန်ကုန်မြို့အနှံ့ ရေကြီး
02-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂

ရန်ကုန်မြို့တွင် ဩဂုတ် ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့နေရာအနှံ့ရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သည့်ပြည်သူများထံမှ သိရသည်။

အချိန်တိုအတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အလုံ၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက်ကံမြို့သစ် စသည့်မြို့နယ်များရှိ လမ်းမကြီးများတွင် ရေ ၁ ပေနီးပါး မြင့်တက်ခဲ့ပြီး နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ကြောင်း ယင်းမြို့နယ်ရှိ ဒေသခံ ပြည်သူများထံမှ စုံစမ်းသိရသည်။

“မင်္ဂလာဒုံမှာ နွေရာသီကတည်းက ရေစီးရေလာကောင်းဖို့ ဆောင်ရွက်ခဲ့တယ်။ ဒီနေ့မှာတော့ မိုးကလည်း အရမ်းများတော့ ချောင်းနဲ့နီးတဲ့ ရပ်ကွက်တော်တော်များများ လမ်းပေါ်ကိုရေလျှံတာတွေ ဖြစ်ပါတယ်။ ရပ်ကွက်တော်တော်များများလည်း လမ်းပေါ်ကို ရေတင်ပါတယ်။ ရေစီးရေလာကတော့ မြို့နယ်အဆင့်အနေနဲ့ ရေစီးရေလာ ကောင်းအောင် ဆောင်ရွက်နေပါတယ်”ဟု မင်္ဂလာဒုံမြို့နယ်မှ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦးက ပြောသည်။

ဩဂုတ် ၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်မြို့ပတ်လမ်းပိုင်း အလုံလမ်းဘူတာ၌ သံလမ်းအထက် ရေ ၁၉ လက်မခန့် ရေကျော်ခဲ့သည့်အတွက် မြို့ပတ်ရထား အစုန်အဆန် ၅ စင်း ပိတ်မိခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ဇူလိုင် ၂ ရက်နေ့က မိုးက အရမ်းရွာတော့ အိမ်နောက်ဖေးအထိ ရေတွေက ဝင်လာတယ်။ လေးနှစ်အတွင်းမှာ ပထမဆုံး ရေတွေ အိမ်ထဲအထိ ဝင်လာတာပါ။ မိုးက တစ်နေကုန်ရွာနေတော့ လမ်းမတွေလည်း ရေကြီးနေပြီ” ဟု ရွှေပေါက်ကံမြို့သစ်တွင်နေထိုင်သူ ဦးကျော်ဝင်းက ဆိုသည်။

မုတ်သုံလေ အားကောင်းနေသည့်အတွက် ရန်ကုန်အပါအဝင်ဒေသ ခုနစ်ခုတွင် နေရာကွက်၍မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၁ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး ရန်ကုန်တိုင်းရှိ ခရိုင်နှင့် မြို့နယ်အချို့တို့တွင် ဩဂုတ် ၂ ရက်နေ့ ၃ နာရီ အချိန်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှု လျော့နည်းစေရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ဘတ်ဂျက် တစ်ဘီလီယံသုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10