News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့၏ အကောင်းဆုံး ယာဉ်ထိန်းရဲဆုရ ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်ကို မိုးသီးဆေးရုံက ဆေးကုသခွင့်ပေးရန် ကမ်းလှမ်း
03-Oct-2016 tagged as ရဲ

ရန်ကုန်၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ပုဂ္ဂလိကသတင်းစာ တစ်စောင်၏ အသိအမှတ်ပြုဆု ရခဲ့သည့် ဓမ္မစေတီလမ်းတွင် ယာဉ်ထိန်းတာဝန်ကျသူ တပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်ကို ရန်ကုန်မြို့ မိုးသီးပုဂ္ဂလိကအထူးကုဆေးရုံက အခမဲ့ ဆေးကုသခွင့်ပေးရန် ကမ်းလှမ်းထားကြောင်း အဆိုပါ ဆေးရုံမှ အမှုဆောင်အရာရှိချုပ်က The Voice သို့ ပြောကြားသည်။

အဆိုပါ ကမ်းလှမ်းမှု မတိုင်ခင် တစ်နှစ်တစ်ကြိမ် အခမဲ့ ဆေးစစ်ခွင့်ပြုရန် ယခင်က ကမ်းလှမ်းခဲ့သည်ကို အောက်တိုဘာလ ၁ ရက်က လက်ခံခဲ့ပြီး ပထမဆုံးအကြိမ် ဆေးစစ်မှု ခံယူခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 
“အခုစစ်ထားတဲ့ အဖြေက ဒီရက်ပိုင်း သိရမယ်။ ဒါပေမဲ့ ဆေးရုံစည်းကမ်းအရ လာရောက်ကုသသူတွေ၊ ဆေးစစ်ခံသူတွေရဲ့ အချက်အလက်ကို ပြောခွင့်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

၂၀၀၉ နှစ်မှစတင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်သည် ၂၀၁၁ ခုနှစ်က ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပေးအပ်တဲ့ ‘Role Model Private Award’ ဆု၊ 7Days သတင်းဂျာနယ်က ပေးအပ်တဲ့ ‘7Day Hero Award’ ကို ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့ပြီး ၂၀၁၃ တွင် ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပေးအပ်တဲ့ ‘The Best Private Award 2013’ ဆု ရခဲ့သည်။

ဆေးစစ်မှု ခံယူခြင်းနှင့် ပတ်သက်၍ကာယကံရှင်ထံ မေးမြန်းနိုင်ရန် အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးနှင့် ကုက္ကိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသို့ ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်၏ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို တောင်းခံခဲ့သော်လည်း မရခဲ့ပေ။

အောက်တိုဘာလ ၁ ရက်တွင် ကျရောက်သည့် ၅၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့် အနေနှင့် ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်ကို မိုးသီးပုဂ္ဂလိကအထူးကုဆေးရုံက မေတ္တာဖြင့် တစ်သက်တာ ဆေးစစ်ဆေးမှုကို အခမဲ့ ဆောင်ရွက်ပေးမည်ဟု အဆိုပါ ဆေးရုံက ကြေညာခဲ့သည်။

ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်သည် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်က အဆိုပါ ဆေးရုံတွင် ဆေးစစ်မှု ခံယူသည့်ပုံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ရာ ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသ မှုခံယူနေရသည်ဟု ယူဆကာ ၎င်းကို ချစ်ခင်သူ ရန်ကုန်မြို့နေသူများက ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြသည်။