News

POST TYPE

LATEST NEWS POST

ထိုင်း CP ကုမ္ပဏီက ဝက်နှင့် ဝက်သားပေါက် မွေးမြူရောင်းချခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ
28-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၈

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ CP Livestock ကုမ္ပဏီလီမိတက်က ပြည်တွင်း၌ ဝက်နှင့် ဝက်သားပေါက် မွေးမြူရောင်းချခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဝက်နှင့် ဝက်သားပေါက် မွေးမြူရောင်းချခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ကြက်/ငါး မွေးမြူရေးအထူးဇုန် (၃) နှင့် မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအုပ်စုရှိ အထူးဇုန် (၁) နှင့် အထူးဇုန်(၂) တို့တွင် လုပ်ကိုင်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်ခွင့်ပြုပေးခဲ့ကြောင်း ယင်းဌာနထံမှသိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၂၀၁၇-၁၈ တွင် မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းနှင့် ရေလုပ်ငန်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော်သာ ဝင်ရောက်ခဲ့ပြီး ယခုလုပ်ငန်းသည် ဘဏ္ဍာနှစ်ကြားကာလအတွင်း မွေးမြူရေးကဏ္ဍ၌ ပထမဦးဆုံး ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။

“ဒါက CP  ကတော့ ပထမဦးဆုံး ဝင်လာတာပေါ့။ ဝက်သားပေါက် ထုတ်လုပ်တဲ့နေရာ၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်မယ်ဆိုရင်တော့ ကောင်းမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ ပြင်ဆင်ထားဖို့လိုတယ်။ မပြင်ထားရင်တော့ ပြည်တွင်း ဝက်မွေးတဲ့သူတွေ မယှဉ်နိုင်တဲ့သူတွေကတော့ ပျောက်သွားမှာပါ”ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးမျိုးထွန်းက ပြောကြားသည်။

အဆိုပါ ထိုင်းအခြေစိုက် CP ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မွေးမြူရေးဆိုင်ရာ ထုတ်ကုန်များနှင့် တိရစ္ဆာန်အစာများကို ထုတ်လုပ်ရောင်းချလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

J-01