News

POST TYPE

LATEST NEWS POST

ပုသိမ်ကြီးတွင် ရဲနှင့်ဒေသခံအချို့ ရုန်းရင်းဆန်ခတ်ဖြစ်
26-Jul-2018


မန္တလေး၊ ဇူလိုင် ၂၅

မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြုလုပ်နေသည့် တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ စီမံကိန်း ပိတ်သိမ်းပေးရေးအတွက် ကန့်ကွက်နေသူများထဲမှ ငြိမ်းစုစီဥပဒေ၊ လမ်းတံတားဥပဒေများဖြင့် အမှုဖွင့်ခံနေရသူများကို လာရောက်ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ဇူလိုင်လ ၂၅ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရသည်။

“ဖြစ်တာက မနက် ၁၀ နာရီကျော်လောက်မှာဖြစ်ပါတယ်။ ရွာအနောက်ဘက်က ဇရပ်နားမှာဖြစ်တာပါ။ ငြိမ်းစုစီ ဥပဒေနဲ့အမှုဖွင့် ခံထားရတဲ့ ဦးရွှေအုန်းကို ရဲကလာဖမ်းတာမှာ ဒီကဒေသခံတွေက ပြန်လုတယ်။ ဒီအခါမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပါ။ ဦးရွှေအုန်းကတော့ လွတ်သွားတယ်”ဟု အောင်သပြေကျေး ရွာမှဒေသခံ ဦးကျော်မျိုးဦးက ပြောကြားသည်။

ယင်းသို့လာရောက်ဖမ်းဆီးရာတွင် ရဲတပ်ဖွင့်ဝင်အင်အား တစ်ရာကျော် ပါဝင်ခဲ့ကြောင်း အောင်သပြေကျေးရွာ ဒေသခံအချို့၏ ပြောဆိုမှုအရသိရသည်။

မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်လမ်း နှစ်မိုင်ကျော်ကို အကျယ် ၃၆ ပေရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာတွင် အောင်သပြေကျေးရွာမှ ဦးသန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြနှင့် သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြတို့ လမ်းပေါ်ကျူးကျော်ခြံစည်းရိုးခတ်သည်ဟုဆိုကာ ကျေးလက်လမ်းဦးစီးဌာနမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းက လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၂ ဖြင့်လည်းကောင်း၊ ဒဟတ်တော ကျေးရွာအုပ်စု အောင်သပြေကျေးရွာမှ ဦးရွှေအုန်း၊ ဦးဝင်းဇော်လတ်၊ ဒေါ်ငြိမ်းဌေး၊ ဒေါ်ဝင်းမာသန်း၊ ဒေါ်ရင်ရင်အောင်တို့ကို ပုသိမ်ကြီးမြို့မရဲစခန်းက (ပ) ၁၉၃/ ၂၀၁၈၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ အောင်သပြေကျေးရွာမှ ဦးမင်းနိုင်၊ ဦးမောင်ကို၊ ဦးသာဌေး၊ ဒေါ်ငြိမ်းဌေးတို့ကို ပုသိမ်ကြီးမြို့မရဲစခန်းက (ပ) ၁၉၄/၂၀၁၈ မန္တလေးတိုင်း လမ်းတံတားများဥပဒေပုဒ်မ ၂၂ ဖြင့်လည်းကောင်း အမှုဖွင့်ခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ပုသိမ်ကြီးမြို့မရဲစခန်းသို့ လာရောက်ရန် ဆင့်ဆိုခဲ့သည်။

“လမ်းတံတားဥပဒေ ၂၂၊ ငြိမ်းစုစီ ဖွင့်တယ်။ အဲဒီကလူတွေကို စာနဲ့ဆင့်တယ်။ မလာဘူး။ မလာတဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ သွားပြီးတော့ ညှိနှိုင်းတယ်။ ရှာဖွေဖမ်းဆီးရတာပေါ့။ အဲဒီမှာ သူတို့ကဇရပ်မှာ ဥပဒေနဲ့မညီညွတ်တဲ့ လူစုလူဝေးတွေအမြဲလုပ်တယ်။ လမ်းကိုပိတ်တယ်။ ဒါကိုဖယ်ရှားပေးဖို့ ဆွေးနွေးတယ်။ ဒီအခါမှာ ရွာသူရွာသားတွေနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်တာပေါ့။ တို့ကတော့ ရဲလုပ်ငန်းလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ခဲ့တာ”ဟု ကြာနီကန်ရဲစခန်းမှူး ရဲအုပ်မြင့်ဝေက ပြောကြားသည်။

ယင်းသို့ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်ကိုသာ အသုံးပြုခဲ့ကြောင်း ရဲအုပ်မြင့်ဝေက ထပ်လောင်းပြောဆိုသည်။ 

ဘိလပ်မြေစက်ရုံ စီမံကိန်းသည် ပုသိမ်ကြီးမြို့နယ် ဒဟတ်တောကျေးရွာအုပ်စု အောင်သပြေရွာအနီးတွင် တည်ရှိပြီး အောင်သပြေ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက်၊ တကာ၊ တောင်ကန်၊ ပြည်သာယာ စသည့် ကျေးရွာများနှင့်လည်း ထိစပ်နေသည်။

တစ်ရက်လျှင် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ အပြီးအပိုင်ဖျက်သိမ်းပေးရေးအတွက် အောင်သပြေ၊ သရက်ကိုင်း၊ ကန်သာ၊ ပြည်သာယာ၊ ဒဟတ်တော စသည့်ကျေးရွာများမှ ဒေသခံများက ပုသိမ်ကြီးမြို့မှ နေပြည်တော်ထိ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ရန်အတွက် ၎င်းတို့ကျေးရွာများမှ ဇူလိုင်လ ၂၃ ရက်နေ့က ကားများဖြင့်ထွက်ခွာလာစဉ် ကြာနီကန်ရဲစခန်းရှေ့၌ တားမြစ်ခံခဲ့ ရပြီး ဦးဆောင်သူများကို ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ပုသိမ်ကြီးမြို့နယ် ဒဟတ်တောယာအုပ်စု သရက်ကိုင်းကျေးရွာမှ ဒေသခံ ဒေါ်မြမြကို လမ်းတံတားဥပဒေချိုးဖောက်သည်ဟုဆိုကာ ပုသိမ်ကြီးမြို့မရဲစခန်းက လာရောက်ဖမ်းဆီးခဲ့သည်ကို မကျေနပ်သည့် သရက်ကိုင်းကျေးရွာ ဒေသခံ ၅၀ ခန့်က ပုသိမ်ကြီးမြို့မ ရဲစခန်းရှေ့သို့ ဇူလိုင် လ ၂၂ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ပြန်လည်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသေးသည်။

M-05


  • VIA