News

POST TYPE

LATEST NEWS POST

ဖားကန့်မြေပြိုမှု ပျောက်ဆုံးသူ ၂၇ ဦး စာရင်းရ၊ ရှာဖွေရေး ယနေ့စမည်
25-Jul-2018

မြစ်ကြီးနား၊ ဇူလိုင် ၂၅

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာအနီးရှိ ဧရာရတနာ ကုမ္ပဏီလုပ်ကွက်ဟောင်းအနီး၌ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်က မြေပြိုမှုဖြစ်ပွားရာတွင် သေဆုံးသူများ၏ အလောင်းမဖော်နိုင်သေးသော်လည်း လူပျောက်စာရင်းလာပေးထားသူမှာ ၂၇ ဦးရှိကြောင်း ကူညီရှာဖွေရေး ဆောင်ရွက်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် လက်ရှိသက်ဆိုင်ရာသို့ လူပျောက်စာရင်း လာပေးထားသူ ၂၇ ဦးအထိရှိကြောင်း၊ ယင်းမြေပြိုမှုကြောင့် မြေပိမိကာသေဆုံးသူများကို ရှာဖွေရန် မြေပြင်အခြေအနေအရ အခက်အခဲရှိသည့်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက ပြောကြားသည်။

“ရှာဖွေမှုတွေတော့ လုပ်ဖို့ရှိတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ အဖွဲ့အစည်းတွေ ရောက်နေပြီ။ အဲဒီမှာအလောင်းဖော်ဖို့ကခက်လို့ အရင်လမ်းဖောက်ရမှာ။ အဲဒီမှာ စက်ယန္တရားဝင်ဖို့က အရမ်းခက်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ မြေပြိုသည့်နေရာသည် ကမ်းပါးနှင့် ရေကန်ဖြစ်သည့်အတွက် ရှာဖွေရေးလုပ်ဆောင်ရန် ဇူလိုင်လ ၂၅ ရက်နေ့က လမ်းဖောက်လုပ်နေပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ရှာဖွေမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးလဆိုင်းက ဆက်လက် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖားကန့်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက်နေကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လတ်တလော မည်သို့ လုပ်ဆောင်မည်ကို မသိရှိရသေးကြောင်းဟု အဆိုပါရုံးမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။

မြေပြိုမှုကြောင့် သေဆုံးသူ အရေအတွက်ကို တိတိကျကျ မသိရသေးဘဲ မြေပြိုသည့်နေရာသည် အလောင်းဖော်ထုတ်ရန် အခက်အခဲ ရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်မှော်ရှိ လုပ်ကွက်တစ်ခုအတွင်း တောင်ကမ်းပါးယံမြေပြိုကျမှုကြောင့် မြေပိကာသေဆုံးခဲ့သူ ၂၁ ဦးရှိပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်တွင် ယင်းမြေပြိုကျခဲ့သည့်နေရာမှ အလောင်းတစ်လောင်းကို ဇူလိုင်လ ၂၄ ရက်နေ့က ထပ်မံ တွေ့ရှိခဲ့သည်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် နှစ်စဉ် မြေပြိုကျမှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်း၌လည်း မြေစာပုံ မကြာခဏ ပြိုကျနေမှုကြောင့် သေဆုံးသူ စုစုပေါင်းတစ်ရာကျော်အထိ ရှိနေပြီး ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ကံခါစုပေါင်းမြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူ တစ်ရာကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရာ မြေစာပုံပြိုကျမှု ဖြစ်စဉ်များအနက် လူအသေအပျောက် အများဆုံးဖြစ်စဉ် တစ်ခုဖြစ်ခဲ့သည်။ 

R-06