News

POST TYPE

LATEST NEWS POST

ဖားကန့် မြေပြိုမှု လူ ၂၀ ကျော် ပျောက်ဆုံး
25-Jul-2018


မြစ်ကြီးနား၊ ဇူလိုင် ၂၄ 

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာအနီးရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တစ်ခုတွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၅ နာရီကျော်က ကျောက်ကမ်းပါးယံမြေပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ကျော် ပျောက်ဆုံးနေပြီး သေဆုံးနိုင်ဖွယ်ရှိကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အကူအညီပေးရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။ 

အဆိုပါ ကျောက်ကမ်းပါးပြိုကျမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ မျက်မြင်တွေ့ရှိသူများ၏အဆိုအရ လူ ၂၅ ဦးထက်မနည်း သေဆုံးနိုင်သည်ဟုဆိုသော်လည်း လက်ရှိသက်ဆိုင်ရာသို့ လူပျောက်စာရင်းလာပေးသူမှာ ၁၇ ဦးသာရှိကြောင်း ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

“သေဆုံးသူအလောင်းတွေကတော့ မဖော်နိုင်သေးဘူး။ လူပျောက်စာရင်း လာပေးသူကတော့ ၁၇ ဦးရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကို တာဝန်ရှိသူများက လက်ရှိလာရောက်စစ်ဆေးလျက်ရှိနေပြီး မြေပြင်အနေအထားအရ သေဆုံးသူ ရုပ်အလောင်းများကို ရှာဖွေနိုင်ခြင်းမရှိသေးကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးက ပြောကြားသည်။

“လောလောဆယ်က သေဆုံးသူ အလောင်းတွေ မတွေ့သေးဘူး။ အခုက မြေကလည်းပျော့တယ်။ ကျောက်ကမ်းပါးဆိုတော့ ဆင်းရလည်းခက်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါမြေပြိုမှုကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ အရေအတွက်ကို တိကျစွာမသိရသေးဘဲ အလောင်းရှာဖွေဖော်ထုတ်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူမှုကယ်ဆယ်ရေးအသင်းများနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။

ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများက ကျောက်စိမ်းအလွန်အကျွံတူးဖော်နေမှုကြောင့် မြေပြင်များ ပျက်စီး၍ မိုးတွင်းကာလရောက်ရှိပါက မြေပြိုမှုများမကြာခဏဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ယင်းဒေသခံများက ပြော ကြားသည်။ 

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက ထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက် တစ်ခုအတွင်း၌လည်း ဇူလိုင်လ ၁၄ ရက် နေ့ မွန်းလွဲ ၂ နာရီခန့်က တောင်ကမ်းပါးယံပြိုကျမှုကြောင့် မြေပိကာသေဆုံးသူ ၂၁ ဦးရှိခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

R-06