News

POST TYPE

LATEST NEWS POST

ခနောက်စိမ်းစက်ရုံ ပိတ်သိမ်းရေး ဒေသခံများ ဆန္ဒပြ
23-Jul-2018 tagged as ဆန္ဒပြ စက်ရုံ



မော်လမြိုင်၊ ဇူလိုင် ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်စက်မှုဇုန်တွင် စမ်းသပ်လည်ပတ်နေသော ကျောက်မီးသွေးသုံး ခနောက်စိမ်းစက်ရုံ ပိတ်သိမ်းရေးအတွက် ဇူလိုင်လ ၂၂ ရက် နံနက်က ဒေသခံ ၂၀၀ ကျော်က ဆန္ဒပြတောင်းဆိုသည်။ 

အဆိုပါ စက်ရုံနှင့်ပတ်သက်၍ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြထားကြောင်း၊ စက်ရုံတာဝန်ရှိသူတို့က စက္ကန့်ပိုင်းသာ နံသည်ဟုဆိုသော်လည်း ဒေသခံများက အမြဲတမ်းခံစားနေရကြောင်း၊ စက်ရုံဘက်က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် စက်ရုံပိတ်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဇော်ဇော်ဟန်က ပြောသည်။

ခနောက်စိမ်းစက်ရုံ ၂ ရုံမှ ထွက်ရှိသော ခနောက်စိမ်းအနံ့ကြောင့် ပြည်သူများ အနံ့ဆိုး ခံစားနေရပြီး ကျန်းမာရေးထိခိုက်ခြင်း၊ ပတ်ဝန်းကျင်ရှိ လယ်များနှင့် အပင်များ ပျက်စီးခြင်းတို့ကြောင့် စက်ရုံပိတ်သိမ်းရေးအတွက် ဒေသခံများ၏လက်မှတ်များ ကောက်ယူကာ ၁၀ရက်အတွင်း သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဇော်နိုင်က ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် အနံ့ဆိုးထွက် ကျောက်မီးသွေးသုံး ခနောက်စိမ်းစက်ရုံ အလိုမရှိ၊ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံးကို လည်ပတ်ခွင့်ပြုသော တာဝန်ရှိသူများ အဂတိကင်းရှင်းမှုရှိ၊ မရှိ ဖော်ထုတ် စစ်ဆေးအရေးယူပေးရေး၊ မော်လမြိုင်စက်မှုဇုန် ပတ်ဝန်းကျင်နေ ပြည်သူများကို နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့မှ ဒေသခံပြည်သူများအကျိုးအတွက် ကူညီပေးရေးတို့ကို ကြွေးကြော်ခဲ့ကြသည်။ 

စက်ရုံအနီးနေသူ ဒေါ်ကြည်သန်းက “အန်တီတို့က ခံရအများဆုံးပဲ၊ စက်ရုံနဲ့ တည့်တည့်ပဲ၊ သံရည်ကျိုတို့၊ ရော်ဘာတို့က အနံ့တစ်မျိုးနံတယ်၊ ကျွန်မတို့ ခံစားလို့ရတယ်၊ ခနောက်စိမ်းအနံ့က မူးလဲပြီး သေနိုင်တယ်၊ အလုပ်လည်း လုပ်လို့မနိုင်ဘူး၊ စားလို့လည်းမရဘူး၊ သူတို့က နေ့ရော ညရော လည်နေတာ ၂၄ နာရီလုံး လည်ပတ်နေတာ” ဟု ပြောသည်။

ခနောက်စိမ်းစက်ရုံမှ ထွက်ရှိသည့် အနံ့နှင့် ပတ်သက်၍ မကြာခဏ ကွင်းဆင်းလေ့လာနေကြောင်း၊ ယင်းစက်ရုံ၌ ဧပြီလတွင် တစ်ကြိမ်၊ ဇွန်လတွင်တစ်ကြိမ် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ စမ်းသပ်ခဲ့ကြောင်း၊ ယင်းအစီရင်ခံစာကို ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

“စက်မှုဇုန်ဆိုတာ အနံ့အသက်ပေါင်းစုံရှိတယ်၊ ဒေသခံတွေ ရရှိတဲ့ ထူးဆန်းတဲ့အနံတစ်မျိုးခံရခက်တဲ့ အနံ့တွေရတယ်၊ ကျွန်တော်ကိုယ်တိုင် သွားတယ်၊ ထူးဆန်းတဲ့ အနံ့တစ်မျိုးကိုတော့ စက္ကန့်ပိုင်းလောက် လေထုထဲ ဖြတ်သွားဖြတ်လာရင် ရတဲ့ အနေအထားပါ၊ အမြဲတမ်းတော့ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။ 

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ တိုင်းတာရရှိထားသည့် အချက်အလက်အရ ယင်းစက်ရုံများမှ ထွက်ရှိလာသည့် ဆာလဖာအောက်ဆိုက် လျှော့ချနိုင်ရေးအတွက် အနံ့ထိန်းချုပ်သည့် စက်ကိရိယာ ပြန်လည်တပ်ဆင်ပေးရန် ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

R-21