News

POST TYPE

LATEST NEWS POST

သင်္ဘောကွေ့ရွာမှ ရွှေ့ပြောင်းလာသူများ နေရာချပေးရန် မောင်တောမြို့ အာဏာပိုင်ထံ တောင်းဆို
22-Jul-2018 tagged as စစ်တွေ

စစ်တွေ၊ ဇူလိုင် ၂၂ 

မောင်တောမြို့နယ် သင်္ဘောကွေ့ရွာမှ ရွှေ့ပြောင်းလာသူများ ကျောက်ပန်းတူကျေးရွာ ဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိရာ ဝါတွင်းရောက်ပါက နေစရာ အခက်အခဲ ဖြစ်လာနိုင်သဖြင့် အင်းဒင်ရွာသစ် မဟုတ်သော အခြားနေရာတွင် ပြန်လည်နေရာချထားပေးရန် ယခုရက်ပိုင်းအတွင်း မြို့နယ်အာဏာပိုင်ထံ တောင်းဆိုထားကြောင်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်သူ ဦးမောင်ဝင်းချေက ပြောသည်။

သင်္ဘောကွေ့ရွာရှိ အိမ်များကို အာဏာပိုင်များ ဖြိုဖျက်သဖြင့် ယင်းဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၂၀၀ ကျော် ယာယီ နေထိုင်နေကြောင်း၊ ဝါဝင်လာပါက ဘုန်းကြီးကျောင်းတွင် လူအများနေထိုင်ရန် မသင့်လျော်သဖြင့် ပြောင်းရွှေ့လာသူများအတွက် နေစရာ အရေးတကြီး လိုအပ်နေကြောင်း၊ ယင်းအပြင် စားစရာလည်း လိုအပ်နေပြီး မိသားစုများ စုဝေးနေထိုင်နေရသဖြင့် ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းကာ ကလေးငယ်အချို့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ယားနာများ ဖြစ်ပေါ်ခြင်းနှင့် ကျန်းမာရေး ထိခိုက်မှုများ ကြုံတွေ့နေရကြောင်း ၎င်းကရှင်းပြသည်။

သင်္ဘောကွေ့ရွာတွင် နေထိုင်သူများကို အင်းဒင်ရွာသစ်သို့ ပြောင်းရွှေ့နေရာချရန် စီစဉ်နေသော်လည်း ယင်းကျေးရွာတွင် လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်း၊ ရွှံ့နွံများထူထပ်ခြင်း၊ သွားလာရေးခက်ခဲမှုတို့ကြောင့် မနေထိုင်လိုကြကြောင်း ရွှေ့ပြောင်းလာသူများက ဆိုသည်။

ရွှေ့ပြောင်းနေထိုင်ရသူများက အင်ဒင်းရွာသစ်မဟုတ်ဘဲ အခြားနေရာသို့ ပြောင်းရွှေ့ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း တောင်းဆိုခဲ့ရာ သင့်တော်သည့်နေရာတွင် စီစဉ်နေရာချပေးမည်ဟု ပြောဆိုသော်လည်း နေရာနှင့် ရွှေ့ဆိုင်းပေးမည့်အချိန်ကို မသိရသေးကြောင်း ဦးမောင်ဝင်းချေက ပြောသည်။

“အင်းဒင်ရွာသစ်မှာ သူတို့အတွက် အိမ်ဆောက်နေတာ အလုံး ၅၀ တောင် ဆောက်နေပြီ၊ အခြားနေရာမှာ ချပေးမယ်ဆိုတာတော့ ကျွန်တော်မသိသေးဘူး၊ ကျွန်တော်လည်း အခုခွင့်ယူထားတယ်”ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောသည်။

သင်္ဘောကွေ့ရွာ တည်ထောင်မှုနှင့်ပတ်သက်၍ ကျေးရွာခေါင်းဆောင် ဦးအောင်နိုင်၊ ဦးထွန်းမြင့်ဦးနှင့် ဇနီး ဒေါ်ဥမ္မာကျော်တို့ကို မောင်တောမြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲထားပြီး ဦးအောင်နိုင်ကို တရားရုံးက သမ္မန်စာဖြင့် ခေါ်ယူသော်လည်း လာရောက်ခြင်းမရှိသဖြင့် ဇူလိုင်လ ၂၀ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်ဝင်းထံမှ သိရသည်။

၂၀၁၇ ခုနှစ် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် သင်္ဘောကွေ့ကျေးရွာတွင် နေထိုင်သော ဘင်္ဂါလီများက နေအိမ်များ မီးရှို့ကာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ မိသားစုများက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ယင်းရွာ၌လာရောက်နေထိုင်လျက်ရှိကြောင်း၊ ယင်းနေရာတွင် တရားမဝင် နေထိုင်မှုကို တားမြစ်ထားသဖြင့် သင်္ဘောကွေ့ရွာရှိ အိမ်များကို ယခုနှစ် ဇူလိုင်လဆန်းက မြို့နယ်အာဏာပိုင်များက ဖြိုဖျက်ခဲ့သည်။

R-22