News

POST TYPE

LATEST NEWS POST

Air Asia လေကြောင်းလိုင်း ရန်ကုန်-ချင်းမိုင် ခရီးစဉ်သစ် တိုက်ရိုက်ပျံသန်းမည်
22-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၂

ထိုင်းနိုင်ငံအခြေစိုက် ပြည်ပ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Asia လေကြောင်းလိုင်းသည် ရန်ကုန်-ချင်းမိုင် ခရီးစဉ်သစ်ကို ဩဂုတ်လ ၁၁ ရက်မှစ၍ တိုက်ရိုက် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။

“ဒီခရီးသစ်ကလည်း တိုက်ရိုက်ပျံသန်းမှာဖြစ်တယ်။ ကြိုတင်လက်မှတ်က ဇူလိုင်လ ၁၈ ရက်ကနေ လကုန်အထိ ဝယ်ယူလို့ ရပါတယ်”ဟု Air Asia လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်းသည် စရိတ်နည်း လေကြောင်းလိုင်းဖြစ်ပြီး တစ်ပတ်လျှင် သုံးရက်အဖြစ် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေတို့တွင် ATR-72 လေယာဉ် အမျိုးအစားဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။

အဆိုပါခရီးစဉ်ကို လေကြောင်းလိုင်းနှစ်ခုက ပျံသန်းပြေးဆွဲမှု ရှိလာမည်ဖြစ်သော်လည်း ဈေးကွက်အတွင်း လှုပ်ခတ်သွားမည့် အခြေအနေ မရှိနိုင်ကြောင်း၊ လေကြောင်းလိုင်း၏ ခရီးသည်များ စိတ်ကြိုက်စီးနင်းမည်ဖြစ်ကြောင်း Hooray Travels & Tour မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပုံမှန်အတိုင်း သူ့ခရီးသည်နဲ့သူ စီးနင်းကြမယ်ထင်တယ်။ ပရိုမိုးရှင်းပေးတဲ့လတွေပဲ ဝယ်ယူမှုတွေ ကွာခြားနိုင်မယ်”ဟု ၎င်းကဆိုသည်။

Air Asia လေကြောင်းလိုင်းအနေနှင့် ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-ကွာလာလမ်ပူ၊ ရန်ကုန်-ပီနန်း၊ မန္တလေး- ဘန်ကောက်ခရီးစဉ်များကို ပျံသန်းပြေးဆွဲနေကြောင်း အဆိုပါလေကြောင်းလိုင်းထံမှ သိရသည်။

Air Asia လေကြောင်းလိုင်း၏ လက်မှတ်ခမှာ လက်ရှိပရိုမိုးရှင်းကာလတွင် အမေရိကန်ဒေါ်လာ ၃၃ ကျပ်ဖြစ်ပြီး ပုံမှန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၈ ကျပ်ဖြစ်ကာ အဆိုပါဈေးနှုန်းမှာ လေဆိပ်ခွန်အပါဖြစ်ပြီး ခရီးဆောင် အိတ်ဖိုး မပါဝင်ကြောင်း အဆိုပါလေကြောင်းလိုင်းထံမှ သိရသည်။

မြန်မာအမျိုးသားလေကြောင်း လိုင်း MNA မှာ နိုင်ငံတကာခရီးစဉ်အဖြစ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ပြေးဆွဲခဲ့သည်။

လက်ရှိ ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ပြည်ပ လေကြောင်းလိုင်းများမှာ ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲလာသော်လည်း ပြည်တွင်းလေကြောင်းလိုင်းများသည် ရပ်တည်ရန် ခက်ခဲသဖြင့် အပြီးရပ်နားခြင်းနှင့် ယာယီ ရပ်နားခြင်းများ ရှိနေသည်။

J-06