News

POST TYPE

LATEST NEWS POST

KBZ ဘဏ်ငွေစာရင်းဖွင့်ထားသူ အကောင့်ကိုဟက်ပြီး ငွေလိမ်ထုတ်သည့် နိုင်ငံခြားသားကိုဖမ်းမိ
22-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၂

ကမ္ဘောဇဘဏ် (KBZ)တွင် ငွေများ အပ်နှံထားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး အကောင့်ကိုဟက်၍ ငွေများထုတ်ယူသွားသည်ဟုဆိုသော နိုင်ဂျီးရီးယားနိုင်ငံသား အမျိုးသားနှစ်ဦးအနက်မှ တစ်ဦးကို ဖမ်းမိထားကြောင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းထံမှ သိရသည်။

ဖမ်းမိသူ နိုင်ဂျီးရီးယား နိုင်ငံသား အမျိုးသားမှာ ဇူလိုင်လ ၁၇ ရက် ညနေပိုင်းက စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်တစ်ဦး၏ စီးပွားရေး အတိုင်ပင်ခံဖြစ်သူ ဦးမြင့်အောင်၏ Account ကိုဟက်ပြီး ငွေများ ထုတ်ယူသွားကြောင်း ဇူလိုင် ၁၉ ရက်နေ့ တိုင်ချက်အရ သိရှိခဲ့ပြီးနောက် ၂၁ ရက်နေ့တွင် ကမာရွတ်မြို့နယ်၌ ယင်းအမှုမှ ပါဝင်သူဟုဆိုသူ နိုင်ဂျီးရီးယားနိုင်ငံသား အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်။

အဆိုပါ အမှုမှ နိုင်ငံခြားသားနှစ်ဦး ငွေမည်မျှ ထုတ်ယူခဲ့သည်ကို ရဲတပ်ဖွဲ့မှ အတည်ပြု မဖြေကြားခဲ့သော်လည်း ယင်းအမှုကို (ပ)၃၇၆/ ၁၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံအတွင်း ကန်သာယာစင်တာတွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲမှ ကျပ် ၉၇၅ သိန်းကို ချက်လက်မှတ်အတုဖြင့် ထုတ်ယူသွားသည့် အမျိုးသားတစ်ဦးကိုလည်း ဇူလိုင်လ ၁၇ ရက်နေ့က အမှုဖွင့် အရေးယူခဲ့ရသည်။

S-03