News

POST TYPE

LATEST NEWS POST

လမ်းတံတားဥပဒေဖြင့် ဖမ်းဆီးခံရသူနှင့်ပတ်သက်၍ ပုသိမ်ကြီးရဲစခန်းရှေ့၌ လူစုလူဝေးဖြစ်

မန္တလေး၊ ဇူလိုင် ၂၂

ပုသိမ်ကြီးမြို့နယ် ဒဟတ်တောယာအုပ်စု သရက်ကိုင်းကျေးရွာမှ ဒေသခံ ဒေါ်မြမြကို လမ်းတံတားဥပဒေဖြင့် ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့မ ရဲစခန်းရှေ့၌ ဇူလိုင်လ ၂၂ ရက်နေ့က လူစုလူဝေးဖြစ်ခဲ့သည်။

လမ်းတံတားဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ ဒေသခံတောင်သူ ဒေါ်မြမြကို ပုသိမ်ကြီးမြို့မရဲစခန်းက ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့သည်ကို မကျေနပ်သည့်အတွက် ပုသိမ်ကြီး မြို့မရဲစခန်းရှေ့၌ အောင်သပြေကျေးရွာနှင့် သရက်ကိုင်းကျေးရွာမှ ဒေသခံ ၅၀ ခန့်က ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

မြင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက အောင်သပြေ-သရက်ကိုင်ကျေးရွာချင်း ဆက်လမ်း နှစ်မိုင်ကျော်ကို အကျယ် ၃၆ ပေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဒေါ်မြမြသည် လမ်းပေါ်ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ ကျေးလက်လမ်းဦးစီးဌာနက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းက လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၂ ဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြို့မရဲစခန်းရှေ့တွင် ဒေါ်မြမြကိုလွှတ်ပေးရန် လာရောက်တောင်းဆိုသူများအနက် အောင်သပြေကျေးရွာမှ ဦးရွှေအုံး အပါအဝင် ဒေသခံသုံးဦးကို ပုသိမ်ကြီးမြို့မစခန်းမှူးက ခေါ်ယူတွေ့ဆုံခဲ့သော်လည်း ဒေါ်မြမြကို ပြန်လည်လွှတ်ပေးရန် မဖြစ်နိုင်ကြောင်း စခန်းမှူးက ပြောဆိုခဲ့သည်ဟု ဦးရွှေအုံးက ပြောဆိုသည်။

“ဒါအာမခံပေးလို့ မရတဲ့အမှုဖြစ်နေတဲ့အတွက် တရားစွဲဆိုလိုက်ရတာပါ၊ ကျွန်တော်တို့ တရားစွဲဆိုမယ်၊ မနက်ဖြန်ကျရင် ကျန်တဲ့သူ သုံးယောက်ကိုပါ ခေါ်ခဲ့တဲ့၊ ကျွန်တော်တို့က အမြန်ဆုံး တရားစွဲဆိုသွားပါမယ်တဲ့၊ လွှတ်ပေးမှာတော့ မဟုတ်ဘူးလို့ စခန်းမှူးက ပြောတယ်။ ကျွန်တော်တို့ကို ဆူပူအောင်လုပ်တယ်ဆိုပြီး ရဲတွေက ကျွန်တော်တို့ကိုပါ အရေးယူဖို့လုပ်တာ”ဟု ၎င်းက စခန်းမှူးနှင့်တွေ့ဆုံခဲ့ပုံကို ရှင်းပြသည်။

ကျေးလက်လမ်း ဦးစီးဌာနက တရားလိုပြုလုပ် တိုင်တန်းခဲ့ရာတွင် အောင်သပြေကျေးရွာမှ ဦးသန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြနှင့် သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြတို့ ပါဝင်သည်။

“ကျေးလက်လမ်းဦးစီးဌာနကနေပြီးတော့ မန္တလေးတိုင်း လမ်းများ၊ တံတာများ ဥပဒေပုဒ်မ ၂၂ အရ အမှုလာဖွင့်ပါတယ်။ အမှုဖွင့်ထားတာက လေးယောက်ပေါ့။ လက်ရှိတော့ တစ်ယောက်ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ရမယ်ပေါ့။ ကျန်တဲ့သုံးဦးကိုလည်း သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ဆက်လုပ်မယ်။ အမြန်ဆုံး တရာရုံးတင်နိုင်အောင်လုပ်မှာ”ဟု ပုသိမ်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးမင်းသိန်းက ပြောကြားသည်။

အောင်သပြေကျေးရွာနှင့် သရက်ကိုင်းကျေးရွာမှ ဒေသခံ ၅၀ ခန့်က ပြန်လွှတ်ပေးရန် မွန်းလွဲ ၂ နာရီခန့်ကစ၍ တောင်းဆိုခဲ့ကြပြီး ညနေ ၅ နာရီခန့်တွင် လူစုခွဲကာ ပြန်သွားခဲ့ကြသည်။

မြင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက ပြုလုပ်နေသော တစ်ရက်တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းသည် ပုသိမ်ကြီးမြို့နယ် ဒဟတ်တောကျေးရွာအုပ်စု အောင်သပြေရွာအနီးတွင် တည်ရှိသည်။

M-05