POST TYPE
LATEST NEWS POST
ချိန်းတွေ့နေသည့် စုံတွဲကို ဓားထောက်လုယက်သည့် ကိုးတန်းကျောင်းသား သုံးဦးကို ဖမ်းမိ
22-Jul-2018
ရန်ကုန်၊ ဇူလိုင် ၂၁
မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းဘေး ဟမ်နီကယ် ဘီယာစက်ရုံအနီးရှိ အောင်ဇမ္ဗူထွန်းစေတီတွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကို ဓားထောက်ခြိမ်းခြောက်ပြီး ရွှေဆွဲကြိုးနှင့် လက်ကိုင်ဖုန်းတစ်လုံးကို လုယူထွက်ပြေးသည့် ကိုးတန်းကျောင်းသားသုံးဦးကို ဆိုင်ကယ်ကယ်ရီမောင်းသူများက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဖမ်းမိသည့် ကိုးတန်းကျောင်းသား သုံးဦးမှာ လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က အောင်ဇမ္ဗူထွန်းစေတီတွင် ထိုင်လျက်စကားပြောနေသည့် သမီးရည်းစား စုံတွဲတစ်တွဲကို ဓားမြှောင်ဖြင့်ထောက်၍ ရွှေဆွဲကြိုးနှင့် Samsung အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို လုယူကာ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် လှော်ကားဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့သည်။
“အလုခံရတဲ့ သမီးရည်းစားစုံတွဲက အော်ဟစ်အကူအညီတောင်းလို့ အနီးမှာရှိတဲ့ ကယ်ရီသမားတွေက ပြစ်မှုကျူးလွန်သူတွေကို ဝိုင်းပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။ စစ်ဆေးကြည့်တော့ လုယက်မှုကျူးလွန်တဲ့ ကောင်လေး သုံးယောက်စလုံးက ကိုးတန်းကျောင်းသားတွေ။ အသက်က ၁၆၊ ၁၇ တွေပဲရှိသေးတယ်”ဟု ရဲအရာရှိက ပြောသည်။
အဆိုပါ လုယက်မှုကျူးလွန်သည့် ကိုးတန်းကျောင်းသားသုံးဦးထံမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး လုယက်မှု ပုဒ်မ ၃၉၂ ဖြင့် မှော်ဘီမြို့မရဲစခန်းက အမှုဖွင့်အရေးယူ၍ အခြားကျူးလွန်ထားသည့် ပြစ်မှုများ ရှိမရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
S-03
- VIA
- Thura Htun
- SOURCES
- The Voice
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019