POST TYPE

LATEST NEWS POST

ချောက်တွင် သောက်သုံးရေ အခက်အခဲဖြစ်နေ၍ သောက်ရေကန် ပြန်လည်ပြုပြင်ပေးရန် တောင်းဆို
22-Jul-2018

ချောက်၊ ဇူလိုင် ၂၁

ရေအရှားပါးဆုံးဒေသဖြစ်သော မကွေးတိုင်း ချောက်မြို့နယ် သဘွတ်ကုန်း ကျေးရွာအုပ်စုမှ ဒေသခံ တောင်သူများသည် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ယင်းရွာရှိ ဧက ၅၀ ကျယ်သည့် သောက်ရေကန်ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါရေကန်မှ ရေကို သဘွတ်ကုန်း၊ ကျွဲတပ်၊ ကျွဲတပ်ရွာသစ်၊ ဇီးပွား၊ မင်းဒေါင့်နှင့် ဆားတောင် ကျေးရွာများ၏ ဒေသခံလူဦးရေ လေးထောင်ကျော်မှ သောက်သုံးရေအဖြစ် အသုံးပြုနေသည့်အတွက် ယင်းရေကန်မှရေသည် တစ်နှစ်စာအတွက် လုံလောက်ခြင်းမရှိဘဲ ကန်မှာ ကျယ်ပြန့်သော်လည်း နုန်းမြေများဖြင့် ပြည့်နှက်နေသည့်အတွက် ပြန်လည်တူးဖော်ပေးရန်လိုအပ်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

၎င်းတို့သည် ထိုတောင်းဆိုချက်အပြင် မင်းဒေါင့်ကျေးရွာရှိ ကိုယ်ထူကိုယ်ထကျောင်းကို အစိုးရအသိအမှတ်ပြု မူလတန်းကျောင်းအဖြစ် ဖွင့်ပေးရန်၊ စိုက်ပျိုးရေရရှိရန်အတွက် မင်းသောက် ရေကန်မှ ပျက်စီးနေသည့် ရေတံခါးနှင့် အုတ်မြောင်းများ ပြန်လည်ပြုပြင်ပေးရန်၊ ဒေါင်ရေကန်မှ လယ်ယာမြေများသို့ ရေရရှိရန် ပြွန်ပေါက်ဖောက်ပေးရန်၊ ဆာတောင်ကျေးရွာလမ်းပိုင်း ပြုပြင်ပေးရန်နှင့် သဘွတ်ကုန်းကျေးရွာ လျှပ်စစ်မီးရရှိရန်တို့ကို သဘွတ်ကုန်းကျေးရွာ၌ ဇူလိုင် ၂၀ ရက်နေ့က ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဒီနားပတ်ဝန်းကျင်ကျေးရွာ ရေတွင်းတွေက ရေငန်တွေဖြစ်နေတော့ သောက်သုံးရန်အဆင်မပြေဘူး။ ရေကန်က ကျယ်ဝန်းနေပြီး ဇောက်က မနက်သည့်အတွက် ရေက မနေဘူး။ နှစ်ပတ်လည် မလောက်ဘူး။ ကျေးရွာအင်အားနဲ့ နှစ်စဉ်တူးနေပေမယ့် ကန်ဧရိယာက ကျယ်တော့။ ရေကန်တူးပေးစေချင်တယ်”ဟု သဘွတ်ကုန်း ကျေးရွာနေသူ ဦးခင်မောင်စိုးက ပြောဆိုသည်။

အဆိုပါသောက်ရေကန်ကို အကြီးစားပြုပြင်မှု ပြုလုပ်ရမည်ဖြစ်သည့်အတွက် လွှတ်တော်တွင် တင်ပြတောင်းဆိုမှု ပြုလုပ်ပေးမည်ဖြစ်ပြီး လျှပ်စစ်မီးမှာမူ ၂၀၁၉ ခုနှစ်တွင် လျှပ်စစ်မီးရရှိမည်ဖြစ်သည့်အပြင် စိုက်ပျိုးရေ ရရှိရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ ကြောင်း ယင်းမြို့၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောကြားသည်။

နေနိုင် (ချောက်)