News

POST TYPE

LATEST NEWS POST

ဟစ်တလာကိုလုပ်ကြံရန် ကြိုးပမ်းမှုအရေးနိမ့်ခဲ့ခြင်း ၇၄ နှစ်ပြည့်အခမ်းအနားတွင် လက်ယာစွန်းလူပြိန်းကြိုက်ဝါဒကို ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ပြစ်တင်ရှုတ်ချ
22-Jul-2018 tagged as ဂျာမနီ ဟစ်တလာ



ဘာလင်၊ ဇူလိုင် ၂၁

ကုန်ခဲ့သည့် ၁၉၄၄ ခုနှစ်က နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအရေး နိမ့်သွားခဲ့ရခြင်းအတွက် အောက်မေ့ဖွယ်အခမ်းအနားကို မြို့တော်ဘာလင်တွင် ကျင်းပပြုလုပ်ရာ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ကိုမားစ် တက်ရောက်ခဲ့ကြောင်းနှင့် ၎င်းက ဥရောပဒေသ၏ လက်ယာစွန်း လူပြိန်းကြိုက်ဝါဒကို ပြစ်တင်ရှုတ်ချလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဟစ်တလာကို လုပ်ကြံသတ်ဖြတ်မည့်ကိစ္စ အရေးနိမ့်ခဲ့ခြင်း ၇၄ နှစ်မြောက် အခမ်းအနားကို ဘာလင်မြို့ရှိ ဘန်ဒါဘလော့အဆောက်အအုံထဲရှိ နာဇီခေတ်ကာလက တရားစီရင်ရာနေရာအဖြစ် အသုံးပြုခဲ့သောနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါနေရာတွင် ၂၉၄၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ဟစ်တလာကို သတ်ဖြတ်ပြီး နာဇီတို့ထံမှ အာဏာသိမ်းယူရန် ဦးဆောင်ကြိုးပမ်းခဲ့သော ဗိုလ်မှူးကြီး ရှာဂရာ့ဖ် စတက်ဖန်ဘာ့ဂ်နှင့် အခြားစစ်ဗိုလ်လေးဦးတို့ ကွပ်မျက်ခံခဲ့ရသည်။ 

ယင်းအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမားစ်က ဥရောပဒေသတွင်း ညီညွတ်မှုရှိကြရန် တိုက်တွန်းပြီး လက်ယာစွန်း လူပြိန်းကြိုက်ဝါဒီများကို ပြစ်တင်ရှုတ်ချလိုက်သည်။ အဆိုပါအခမ်းအနားကို ဘာလင်တွင်နှစ်စဉ်ကျင်းပပြု လုပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဥရောပ ဒေသသာမက ကမ္ဘာတစ်ဝန်း ပြန်လည်ခေါင်းထောင်လာသည့် လက်ယာစွန်းလူ ပြိန်းကြိုက်ဝါဒသစ်ကို ဂျာမန်အစိုးရက ရှင်းရှင်းလင်းလင်း ပြစ်တင်ရှုတ်ချလိုက်ခြင်းဖြစ်သည်။ 

ဟိုက်ကိုမားစ်နှင့် ဘာလင်မြို့တော်ဝန် မစ်ရှဲလ်မြူးလာတို့က အဆိုပါအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ နာဇီဝါဒကို ကြံကြံခံရင်ဆိုင်တွန်းလှန်ခဲ့သော ဥရောပနှင့် အာရပ်နှင့်ဂျူးဆန့်ကျင်ရေး လက်ယာစွန်း လူပြိန်းကြိုက်ဝါဒကို တာဝန်သိစွာဆန့်ကျင်ကြရမည့် ဥရောပတို့ကို နှိုင်းယှဉ်ပြခဲ့သည်။ 

ထို့နောက် ဂျာမန်နိုင်ငံသားများအနေနှင့် လက်ယာစွန်းဝါဒရေးရာ ပြောဆိုဆွေးနွေးမှုများရှိလာမည်ဆိုပါက ငြိမ်သက်မနေကြဘဲ ဝင်ရောက်ဟန့်တားကြရမည်ဖြစ်သည်ဟု ၎င်းတို့က တိုက်တွန်းခဲ့သည်။ 

ဂျာမနီနိုင်ငံမှ လူငယ်များကို နာဇီနှင့် ဖက်ဆစ်စနစ်ကျဆုံးရေးအတွက် ဥရောပဒေသ၏ ကြိုးပမ်းချက်များနှင့်ပတ်သက်၍ သင်ကြားပေးမည့် အစီအစဉ်သစ်များရှိ နေသည်ကိုကြားသိရသည့်အတွက် အထူးပင်ဝမ်းမြောက်ကြောင်း ၎င်းက ဆိုသည်။ 

ဟစ်တလာကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အမည်မှာ Valkyrie ဖြစ်ပြီး ယင်းဇာတ်ကားတွင် ဗိုလ်မှူးကြီး စတက်ဖန်ဘာ့ဂ်အဖြစ် နာမည်ကျော်သရုပ်ဆောင် တွမ်ခရုဇ်က သရုပ်ဆောင်ခဲ့သည်။  

F-01