News

POST TYPE

LATEST NEWS POST

မွန်နိုင်ငံရေးပါတီနှစ်ခု ပေါင်းပြီ
မော်လမြိုင်၊ ဇူလိုင် ၂၁

မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့သည် ဇူလိုင်လ ၂၁ ရက်နေ့ကပြုလုပ်သော နောက်ဆုံးအကြိမ် အစည်းအဝေးအပြီးတွင် နှစ်ပါတီပေါင်းစည်းလိုက်ပြီဖြစ်သည်။ 

“ဆုံးဖြတ်ချက်အရ ပါတီပေါင်းစည်းရေး လုပ်ငန်းစဉ်အားလုံး ပြီးသွားပြီ။ ပေါ်လာမယ့်ပါတီအသစ်အတွက် တာဝန်ခွဲဝေမှုနဲ့ ပတ်သက်ပြီးတော့လည်း တာဝန်ပေးထားပြီးဖြစ်တယ်။ ပေါင်းစည်းရေးပြီးသွားပြီ။ ပေါင်းသွားပြီလို့ ပြောလို့ရပါတယ်”ဟု ပေါင်းစည်းလိုက်သည့် ပါတီအသစ်၏ တွဲဖက်အတွင်းရေးမှူး ၁ (MNP အထွေထွေအတွင်းရေးမှူး) နိုင်လယီတမက ပြောကြားသည်။ 

ပေါင်းစည်းလိုက်သည့်ပါတီသစ် အမည်ကို ပြည်သူများနှင့် ပါတီဝင်များထံမှ တောင်းဆိုခဲ့ရာ ပါတီအမည်သစ် ၄၉ ခု ရရှိခဲ့ကြောင်း၊ ထိုအမည်များအနက် ဇူလိုင် ၂၁ ရက်နေ့ကပြုလုပ်သည့် အစည်းအဝေးတွင် အမည် ၁၀ ခုကို ရွေးချယ်ခဲ့ကြောင်း၊ ပါတီအမည်သစ်နှင့်ပတ်သက်၍ မြို့နယ် ၁၈ မြို့နယ်မှ ပါတီဝင်တို့၏ သဘောဆန္ဒကိုတောင်းခံ၍ အတည်ပြုရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ပါတီအမည်သစ်နှင့်ပတ်သက်၍ “ပြည်သူတွေလက်ခံမယ့်အမည်မျိုးပဲ ဖြစ်စေချင်တယ်၊ ဒီရွေးထားတဲ့ နာမည် ၁၀ ခုကို ကျွန်တော်တို့ အခုအစည်းအဝေးက လူ ၁၀ ယောက်နဲ့ မဆုံးဖြတ်ဘူး၊ အောက်ခြေမြို့နယ်အဆင့်ကို ပြန်ချမယ်။ ပညာရှင်တွေကို မေးရမယ်၊ အဲဒီ ၁၀ ခုထဲက တစ်ခုကို အတည်ပြုရွေးချယ်သွားမယ်”ဟု ပေါင်းစည်းလိုက်သည့် ပါတီအသစ်၏ တွဲဖက်အတွင်းရေးမှူး ၂ (AMDP တွဲဖက်အတွင်းရေးမှူး) နိုင်စံတင်က ပြောဆိုသည်။

လက်ရှိအချိန်၌ မွန်နှစ်ပါတီပေါင်းစည်းလိုက်သည့် ပါတီအသစ်တွင် ဥက္ကဋ္ဌအဖြစ် နိုင်တလနွန်၊ ဥက္ကဋ္ဌ-၁ ဒေါက်တာလှအောင်၊ ဥက္ကဋ္ဌ-၂ နိုင်ငွေသိန်း၊ ဥက္ကဋ္ဌ-၃ နိုင်ချမ်းတိတို့ကို ရွေးချယ်ခန့်အပ်ထားကာ ပါတီသစ်အတွက် အထွေထွေအတွင်းရေးမှူးများမှာ ဒေါက်တာမင်းနွယ်စိုး၊ တွဲဖက်အတွင်းရေးမှူး ၁ နိုင်လယီတမ၊ တွဲဖက်အတွင်းရေးမှူး ၂ နိုင်စံတင်၊ တွဲဖက်အတွင်းရေးမှူး ၃ နိုင်စိုးမြင့်၊ တွဲဖက်အတွင်းရေးမှူး ၄ နိုင်သန်းရွှေနှင့် တွဲဖက်အတွင်းရေးမှူး ၅ ဒေါက်တာမင်းကြည်ဝင်းတို့ကို ရွေးချယ်ခန့်အပ်ထားသည်။ 

ပါတီသစ်တွင် ဗဟိုကော်မတီအဖြစ် မွန်နှစ်ပါတီမှ ဗဟိုကော်မတီများပေါင်းထားသည့်အတွက် ဗဟိုကော်မတီဝင် ၁၀၀ ဦးနှင့် ၎င်းတို့အနက်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၄၄ ဦးပါဝင်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်များမှာ ဗဟိုကော်မတီ၏ ထက်ဝက်ခန့် ရှိနေကြောင်း၊ နောက်ပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်ကို ဗဟိုကော်မတီဝင်၏ သုံးပုံတစ်ပုံသို့ လျှော့သွားမည်ဖြစ်ကြောင်း နိုင်စံတင်က ထပ်မံပြောဆိုသည်။ 

ထို့အပြင် ပါတီပြင်ပ နိုင်ငံရေးသမားများနှင့် လူမှုအစုအဖွဲ့များနှင့်တွေ့ဆုံရန် အသစ်ဖွဲ့စည်းလိုက်သည့်ပါတီသစ်မှ ဗဟိုကော်မတီများက ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုကြားကာလတွင် ပါတီပြင်ပ နိုင်ငံရေးသမားများနှင့် တွေ့ဆုံရန် ကိုယ်စားလှယ် ငါးဦးကို ရွေးချယ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

လတ်တလောတွင် ပါတီအမည်သစ်အတွက် တစ်လအချိန်ယူ၍ မြို့နယ်အဆင့်၊ ကျေးရွာအဆင့် ပါတီဝင်များ၏ သဘောဆန္ဒများကို ရယူမည်ဖြစ်ကာ ပါတီအမည်သစ်ရပါက ပါတီမှတ်ပုံတင်မည့်ကိစ္စကို အမြန်ဆုံးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပါတီသစ်အတွက်လိုအပ်သော ပါတီဖွဲ့စည်းပုံကိုလည်း နှစ်ပါတီမှ ရှိပြီးဖြစ်သည့် ဖွဲ့စည်းပုံများကို ပူးပေါင်းရေးဆွဲရန် ကော်မတီဝင်နှစ်ဦးကို တာဝန်ပေးအပ်ထားပြီးဖြစ်သည်။

R-21