POST TYPE

LATEST NEWS POST

ရခိုင်အရေး နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိ
21-Jul-2018

ရန်ကုန်၊ ဇူလိုင် ၂၁

မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့ကြား ရခိုင်ပြည်နယ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားသည့်အစီအစဉ်ကို အကောင်အထည်ဖော်ရေးအဖွဲ့သည် ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါလုပ်ငန်းအဖွဲ့တွင် ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ UNDP နှင့် UNHCR ရန်ကုန်ရုံးတို့မှ ကိုယ်စားလှယ်များ သွား ရောက်နေခြင်း ဖြစ်သည်။

အဆိုပါခရီးစဉ်သည် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရေးအတွက် စစ်တမ်းကောက်ယူသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းနှစ်ခုအကြား အတူတကွ နေထိုင်ရေးအတွက် စစ်တမ်းကောက်ယူရန်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

ယင်းသို့ စစ်တမ်းကောက်ယူရန် ကုလသမဂ္ဂက အဆိုပြုလာခဲ့ခြင်းဖြစ်ပြီး ယင်းဒေသရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခြေခံအချက်များကို ကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များသို့ ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်အထိ သွားရောက်မည်ဖြစ်ပြီး UNDP နှင့် UNHCR မှ အဆိုပြုလာသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ လျာထားသော ကျေးရွာအုပ်စု ၃၁ အုပ်စုအောက်ရှိ ကျေးရွာများတွင် Assessment ပြုလုပ်သွားနိုင်ရန် လုပ်ငန်းအဖွဲ့အနေဖြင့် ဦးစားပေး ဆောင်ရွက်မည့် ကျေးရွာအုပ်စုတို့ သတ်မှတ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး၏ နောက်ဆက်တွဲအနေဖြင့် ယင်းလုပ်ငန်းအဖွဲ့တွင် ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ UNDP နှင့် UNHCR ရန်ကုန်ရုံးတို့မှ ကိုယ်စားလှယ်များသည် ဇူလိုင်လ ၁၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ကုလသမဂ္ဂနှင့် မြန်မာ အစိုးရတို့၏ နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့် ဇွန်လ ၆ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယင်းနားလည်မှုစာချွန်လွှာကို အဆိုပြုလုပ်ငန်းအစီအစဉ်နှင့်အညီ သုံးလနှင့် ခြောက်လအစီအမံများ ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းအစီအစဉ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူ့အသိုက်အဝန်းများအကြား ရေရှည်တည်တံ့သည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကဏ္ဍများနှင့် သဟဇာတရှိစေမည့် အခြေခံများကို ပံ့ပိုးကူညီသွားမည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

J-08