News

POST TYPE

LATEST NEWS POST

အမေရိကန်တွင် ရုရှားအေးဂျင့်တစ်ဦးကို ဖမ်းဆီးမှုသည် ပူတင်-ထရမ့် ထိပ်သီးဆွေးနွေးပွဲကို ထိခိုက်စေဟု မော်စကိုပြော


မော်စကို၊ ဇူလိုင် ၁၉

အမေရိကန်နိုင်ငံရေးတွင် စွက်ဖက်ရန် ကြံစည်မှုဖြင့် ရုရှားလူမျိုးတစ်ဦးအား ဖမ်းဆီးခြင်းကို မော်စကိုက ဗုဒ္ဓဟူးနေ့တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး ပူတင်-ထရမ့် ထိပ်သီးဆွေးနွေးပွဲ၏ ရလဒ်ကောင်းများကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမာရီယာဇာခရိုဗာက “ဒီလုပ်ရပ်ဟာ သမ္မတပူတင်နဲ့ အမေရိကန်ခေါင်းဆောင် ဒေါ်နယ်ထရမ့်တို့ရဲ့ ဟယ်လ်ဆင်ကီထိပ်သီးဆွေးနွေးပွဲ ရလဒ်ကောင်းတွေကို ထိခိုက်ကျဆင်းစေတယ်ဆိုတာ ထင်ရှားပါတယ်”ဟု သတင်းထောက်များအား ပြောကြားသည်။

ရုရှားလူမျိုး မာရီယာဘူတီနာသည် တနင်္ဂနွေနေ့က ဝါရှင်တန်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး တနင်္လာနေ့တွင် သူမကို ရုံးထုတ်စစ်ဆေးခဲ့သည်။

သူမသည် ရုရှားတွင် လွှတ်တော်အမတ်ဟောင်း ဗဟိုဘဏ် အကြီးတန်း တာဝန်ရှိသူ အလက်ဇန်းဒါးတော်ရှင်နှင့် ရင်းနှီးသော သေနတ်ကိုင်ဆောင်ခွင့် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများထင်ရှားသည်။

ဘူတီနာ ၂၉ နှစ်သည် အမေရိကန်အချို့နှင့် ပေါင်းသင်းဆက်ဆံကာ အမေရိကန်နိုင်ငံရေးတွင် ဩဇာရှိသော အဖွဲ့အစည်းများကို စိမ့်ဝင်ထိုးဖောက်ခဲ့သည်ဟု တရားရေးဌာနက ပြောကြားသည်။

မစ္စဇာခရိုဗာကမူ “ဘူတီနာဟာ အမေရိကမှာ ပုန်းလျှိုးကွယ်လျှိုး မဟုတ်ဘဲ ထင်ထင်ပေါ်ပေါ် အချိန်အကြာကြီး နေထိုင်ခဲ့သူဖြစ်ပါတယ်။ သူမအပေါ် အခြေအမြစ်မရှိ စွပ်စွဲမှုတွေဟာ ပုံမှန်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ FBI ဟာ အုပ်ချုပ်ရေးပိုင်းရဲ့ အမိန့်အတိုင်းလုပ်ဆောင်ခဲ့တယ်လို့ ယူဆစရာဖြစ်ပါတယ်”ဟု သတင်းထောက်များအား ပြောကြားသည်။

အမေရိကန် တရားရေးဌာနကမူ ဘူတီနာသည် ရုရှားအစိုးရ၏ ကိုယ်စားလုပ်ဆောင်နေသည်ဆိုသော အချက်ကို အာဏာပိုင်များထံ အသိမပေးခြင်းအားဖြင့် ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ပြောကြားသည်။

F-04