News

POST TYPE

LATEST NEWS POST

စွန့်ပစ်ကားတာယာဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၌ ကျွမ်းကျင်လုပ်သားရှားပါး၍ အခက်ကြုံ
ပုသိမ်၊ ဇူလိုင် ၁၉

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ စွန့်ပစ်ကားတာယာမှ စက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုအပြင် ကုန်ကြမ်းရှားပါးမှု အခက်အခဲများကြောင့် အခက်အခဲဖြစ်ပေါ်နေကြောင်း ပုသိမ်မြို့ရှိ ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ယင်းစွန့်ပစ်ကားတာယာမှ ကုန်ချောပစ္စည်း ပြန်ထုတ်လုပ်သည့် လုပ်ငန်းကျွမ်းကျင်ရန် ၂ နှစ် ခန့်သင်ကြား တတ်မြောက်ပါမှ ကျွမ်းကျင်အဆင့်ဖြစ်နိုင်၍ သင်ယူလုပ်ကိုင်လိုသူနည်းပါးခြင်း၊ ယခင်လုပ်သားဟောင်းများ လျော့ကျလာခြင်းနှင့် လုပ်သားများခေါ်ယူရာတွင် ကြိုတင်ငွေနှင့် ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ရန် ရင်းနှီးမြှုပ်နှံမှု ငွေပင်ငွေရင်း လိုအပ်မှုအခက်အခဲများဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“လုပ်သားရှားပါးလာမှု၊ ရင်းနှီးမြှုပ်မှုငွေ လိုအပ်ချက်နဲ့ ကုန်ကြမ်းဖြစ်တဲ့ သရေနားတာယာအစား သံနားတာယာတွေ တွင်ကျယ်လာတော့ ကုန်ကြမ်းအခက်အခဲဖြစ်လာတာ ကျွန်တော်တို့အတွက် အဓိကကျတဲ့ စိန်ခေါ်မှုတွေပါ။ ပုသိမ်မြို့နဲ့ဝေးတဲ့ နေရာကနေ တာယာဟောင်းတွေကို ဝယ်ယူနေရပါတယ်”ဟု ကျော်ဋ္ဌေး စွန့်ပစ်ကားတာယာမှ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင် ဦးလှဌေးက ပြောဆိုသည်။

မိုးရာသီကာလတွင် ပုံမှန်ဝယ်လိုအားသာရှိသဖြင့် ကုန်ကြမ်းရှားပြီး ကုန်ချောထုတ်လုပ်၍ သိုလှောင်ထားရပြီး ပွင့်လင်းရာသီ၌ အဆမတန်ဝယ်လိုအား တက်လေ့ရှိသဖြင့် ထုတ်လုပ်မှုအားနှင့် မျှတမှုမရှိဖြစ်လေ့ရှိ ကြောင်း၊ အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းများကို အစိုးရမှ ချေးငွေပေးမည်ဆိုသော်လည်း ယင်းလုပ်ငန်း လုပ်ကိုင်သူ ၈၂ ရာခိုင်နှုန်းမှာ ပိုင်ဆိုင်မှုအာမခံတင်ပြရန် အခက်အခဲများရှိနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“တစ်ရက် လုပ်အားခ တစ်သောင်းခွဲဝန်းကျင်ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်အားခရဖို့ကို လက်မှုပညာဆိုတော့ ၂ နှစ်လောက် သင်ယူရင်တောင် အမြင်ရှိဖို့နဲ့ ကြိုးစားဖို့လိုတယ်။ အလုပ်ချက်ချင်း ဝင်လုပ်တာနဲ့တော့ ဘယ်ရနိုင်မလဲ။ ဒါကြောင့် လူငယ်တွေက ဆူလွယ်နပ်လွယ် ကျပန်းအလုပ်တွေ လုပ်လာကြတယ်”ဟု ယင်းလုပ်ငန်း လုပ်သက်နှစ် ၂၀ ရှိသူ လုပ်သားဦးခင်အေးက ဆိုသည်။

စွန့်ပစ်ကားတာယာအဟောင်းမှ လူသုံးကုန်ပစ္စည်းများဖြစ်သော အမွှေးတိုင်ထွန်းခွက်မှနေ၍ ထိုင်ခုံ၊ ပန်းအိုး၊ ရေပုံး၊ အိုးအဖုံး၊ ဝက်စာခွက်၊ တာယာဖိနပ်၊ ကျောက်သယ်ဆန်ခါ၊ စက်မှုလက်မှုလုပ်ငန်း သုံးပစ္စည်းများဖြစ်သော ဆန်စက်၊ ဆားစက်၊ အုန်းဆံစက်စသည့် စက်များတွင်သုံးသည့် ပူလီကြိုးအမျိုးမျိုး၊ ဆန်စက်ဆန်ခါသုံး ဂေါ်လီလုံး၊ ကားနှင့် ဆိုင်ကယ်အမျိုးမျိုးတွင် အသုံးပြုနိုင်သည့် ဝါရှာ၊ ရေတင်ဂေါက်စသည့် ကုန်ချောပစ္စည်းအမျိုး အမည် ၅၀ ကျော်ကို ထုတ်လုပ်ကြကြောင်း ယင်းလုပ်ငန်းကို ရန်ကုန်၊ မန္တလေးမြို့များ၌လည်း လုပ်ကိုင်ပြီး ဧရာဝတီတိုင်းတွင် ပုသိမ်နှင့် ဟင်္သာတမြို့များ၌ အများဆုံးလုပ်ကိုင်ကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

R-12