News

POST TYPE

LATEST NEWS POST

NLD ပါတီမှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးတင်မြင့် ကွယ်လွန်
20-Jul-2018 tagged as NLD ပါတီ

ရန်ကုန်၊ ဇူလိုင် ၁၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်သည် ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းက နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း ယင်းမြို့နယ်အမှတ်တိုင်း (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောကြားသည်။

“လည်ချောင်းကင်ဆာရောဂါနဲ့ ဆုံးတယ်လို့ သိရတယ်။ ဖြစ်နေတာကတော့ ၂ နှစ်လောက်ရှိနေပြီ၊ ဆရာက ဥပဒေသမားတစ်ယောက်ဆိုတဲ့အတိုင်း ပါတီတွင်းရော၊ လွှတ်တော်မှာရော တက်တက်ကြွကြွ လှုပ်ရှားခဲ့သူတစ်ဦးပါ”ဟု ၎င်းက ဆိုသည်။

အသက် ၇၁ နှစ်ကျော်ရှိပြီဖြစ်သည့် ဦးတင်မြင့်သည် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်သက်ဆိုင်သည့် ဥပဒေဆိုင်ရာများနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်ရပ်များအတွက် မေးခွန်း ၂၀ ခန့်ကိုလည်း မေးမြန်းခဲ့သူတစ်ဦးဖြစ်ကြောင်း ဦးကျော်ကျော်မောင်ထံက သိရသည်။

ဦးတင်မြင့်၏ အသုဘအခမ်းအနားကို ဇူလိုင်လ ၂၁ ရက် (စနေ) ညနေ ၃ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးတင်မြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တိုင်းအလုပ်အမှုဆောင်တစ်ဦးအဖြစ် လက်ရှိတာဝန်ယူထားပြီး ခရိုင်မြို့နယ်များအကြား ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်းဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီအတွင်း ပြန်လည်ရွေးချယ်စဉ်တွင် အရှေ့ပိုင်းခရိုင်ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း ပါတီအတွင်း ၁၉၈၈ ခုနှစ်စ၍ အတူလက်တွဲလှုပ်ရှားခဲ့သူ ဦးလှမြင့်ထံမှသိရသည်။