News

POST TYPE

LATEST NEWS POST

ရန်ကုန်ရှိ အာဇာနည်ဗိမာန်အပါအဝင် နေရာသုံးခုသို့ အများပြည်သူ တစ်သိန်းခန့် လာရောက်


ရန်ကုန်၊ ဇူလိုင် ၁၉

ရန်ကုန်မြို့တွင် အဓိက ကျင်းပသည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၌ အာဇာနည်ဗိမာန်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့် အတွင်းဝန်များရုံးသို့ ပြည်သူတစ်သိန်းခန့် လာရောက်ခဲ့သည်။

အာဇာနည်ဗိမာန်

ကျဆုံးခဲ့သည့် အာဇာနည် ကိုးဦးအတွက် အမှတ်တရထားရှိသော အာဇာနည်ဗိမာန်တွင် အာဇာနည်နေ့ အခမ်းအနားကို ပြည်ထောင်စုအဆင့် ကျင်းပခဲ့ရာ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ၊ သံရုံးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ တက်ရောက် ဂါရဝပြု လွမ်းသူ့ပန်းခွေချခဲ့ကြသည်။ အဆိုပါ ဂါရဝပြုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဂါရဝပြုခဲ့သည်။

ယင်းနေ့တွင်ပင် တာမွေအဝိုင်းထိပ်သုသာန်တွင် ဂူသွင်းမြှုပ်နှံထားသော အာဇာနည်စာရင်းဝင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးရှိရာ ဂူဗိမာန်တွင် ၎င်းတို့၏ မိသားစုဝင်များ၊ အစ္စလာမ်ဘာသာဝင်များနှင့် ဘာသာရေးခေါင်းဆောင် ၁၀၀ ကျော်သည် အာဇာနည်ခေါင်းဆောင်များကို အမှတ်တရဂါရဝပြုခဲ့ပြီး ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့အား (ဇိယာရသ်ပြု) စုပေါင်းမေတ္တာပို့ ဆုတောင်းခဲ့ကြသည်။

အတွင်းဝန်များရုံး

ယခုနှစ် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသော အတွင်းဝန်များရုံးသို့ လာရောက်လေ့လာသူ ယခင်ထက်လျော့နည်းခဲ့သည်။

ယခင်နှစ် အဆိုပါနေ့ နှစ်ပေါင်းစွာ ပိတ်ထားသော အတွင်းဝန်များရုံးကို ပြန်လည်ဖွင့်လှစ်၍ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသောအခန်းကို ကြည့်ရူခွင့်ပေးခဲ့ခြင်းကြောင့် ရန်ကုန်မြို့ခံများအပြင် ပြည်နယ်နှင့် တိုင်းအသီးသီးက တကူးတက လာရောက်မှုကြောင့် လူဦးရေသောင်းချီ တက်ရောက်လေ့လာခဲ့သည်။

ထို့အပြင် အစိုးရက ကန့်သတ်ထားသည့်ပစ္စည်းများ ယူဆောင်ခွင့်မပြုခြင်းကြောင့် မိသားစု၊ သူငယ်ချင်း၊ အရပ်ဘက်အဖွဲ့အစည်း စသော အုပ်စုလိုက် လာရောက်သူများ၌ လက်ကိုင်အိတ်များ၊ ကျောပိုးအိတ်၊ ဖုန်းမျာ ပါရှိလာသည့်အတွက် အတွင်းဝန်ရုံး၊ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက် အဆောက်အအုံအသီးသီးသို့ ဝင်ရောက် ဂါရဝပြုလေ့လာရန် ခက်ခဲကြောင်း လာရောက်သူအချို့ထံမှ စုံစမ်းသိရသည်။

ယင်းအပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ယင်းအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအပါအဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့က တက်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ဗိုလ်ချုပ်ပြတိုက်

အာဇာနည်နေ့တွင် မိသားစု၊ သူငယ်ချင်း၊ အရပ်ဘက်အဖွဲ့အစည်း စသော အုပ်စုလိုက် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူများအနေနှင့် လက်ကိုင်အိတ်များ၊ ကျောပိုးအိတ်၊ ဖုန်းများယူဆောင်ခွင့် ကန့်သတ်ထားသဖြင့် အခက်အခဲဖြစ်ခဲ့ရသည်။

ယင်းကြောင့် ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်ကြသည့် ပြည်သူများအတွက် ထီး၊ အိတ်၊ ဖုန်းများကို အပ်နှံနိုင်သည့် ဈေးကွက်ပေါ်ပေါက်ခဲ့သည်။ 

ဧည့်သည်များ၏ ပစ္စည်းများကို လမ်းဘေးဈေးသည် ငါးဦး၊ ခြောက်ဦးခန့်က ပုံးများဖြင့် သိမ်းဆည်းကာ လက်ခံပေးလျက်ရှိပြီး ယာယီသိမ်းဆည်းခအတွက် အပ်နှံသည့် ပစ္စည်းတစ်ခုလျှင် ကျပ် ၅၀၀ ပေးရကြောင်း ယင်းပြတိုက်ကို သွားရောက်ခဲ့သည့် ပြည်သူများက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ အများပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ကလေးသူငယ်များက လာရောက်ကြည့်ရှုခဲ့ကြပြီး ကြည့်ရှုသူများမှာ မိန်းကလေးတစ်ဖက်၊ ယောကျာ်းတစ်ဖက် စနစ်တကျ တန်းစီကာ ဝင်ရောက်ကြည့်ရှုနိုင်သော်လည်း ယမန်နှစ်ထက် နည်းပါးခဲ့သည်။

၇၁ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ပြုလုပ်ခဲ့ရာ၌ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံတွင် ဂါရဝပြုအခမ်းအနားသို့ တက်ရောက်ခဲ့သူ ဦးရေသည် ယခင်နှစ်ထက် နှစ်ဆနီးပါးပိုများခဲ့ပြီး လူ ၃၀၀၀ ခန့် တက်ရောက်ခဲ့သည်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး၏ ပုံတူပန်းချီများကို ကန်သာယာပန်းခြံတွင် ချိတ်ဆွဲကာ ဂါရဝပြုနိုင်ရန် စီစဉ်ထားပြီး ကလေးများအတွက် အာဇာနည်များပုံတူ ရေးဆွဲခြင်း လှုပ်ရှားမှုများလည်း ပါဝင်ခဲ့သည်။

ယနေ့တွင် ပုံမှန်တစ်ဦးလျှင် ကျပ်တစ်ထောင်ဖြင့် ပေးစီးရသည့် အောင်မဟာယာဉ်လိုင်းမှ ယာဉ်အစီးရေ ၄၀ ခန့် မြောက်ဥက္ကလာ-ဆူးလေလမ်းကြောင်း ကို မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် အခမဲ့ပြေးဆွဲခဲ့သည်။

အလားတူ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်ပြတိုက်မှ အတွင်းဝန်များရုံး (ဝန်ကြီးများရုံးဟောင်း) ခရီးစဉ်ကို YTDG အသင်းဝင် TAXI များက အခမဲ့ပြေးဆွဲပေးခဲ့သည်။

နှစ် ၇၀ ပြည့်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်များ ထားရှိရာ အာဇာနည်ဗိမာန်တွင် ပြည်သူအင်အား ၃၇,၀၀၀ ခန့်၊ ဝန်ကြီးများရုံးတွင် ပြည်သူ ၁၇,၀၀၀ ခန့်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ လူဦးရေ ၁၆,၀၀၀ ခန့် ဂါရဝပြုခဲ့သည်။