News

POST TYPE

LATEST NEWS POST

နွေစပါး အဖွင့်ဈေး တင်း ၁၀၀ လျှင် ကျပ်တစ်သိန်းကျော် ဈေးတက်
19-Jul-2018 tagged as နွေစပါး

ရန်ကုန်၊ ဇူလိုင် ၁၉

ယခုနှစ်အတွင်း စပါးဈေးကောင်းမွန်လျက်ရှိရာ ယခုနှစ်နွေစပါးဈေးမှာလည်း ပြီးခဲ့သည့်နှစ်က အဖွင့်ဈေးထက် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

နွေစပါးဈေးသည် ပြီးခဲ့သည့်နှစ်ကထက် တင်း ၁၀၀ လျှင် ကျပ် ၁၁၀,ဝ၀၀ အထိ ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း ၎င်းတို့ကဆိုသည်။

“ဒီနှစ်က တရုတ်ကလည်း နယ်တွေအထိ တိုက်ရိုက် ဆင်းဝယ်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း စပါးဈေးက ကောင်းနေတာပါ”ဟု ပုသိမ်ကြီးမြို့နယ်မှ လယ်သမားတစ်ဦးက ပြောကြားသည်။

ယခုနှစ်နွေစပါးများသည် ဇွန်လအတွင်းက ထွက်ရှိခဲ့ပြီး ယခင်နှစ်ကထက် နွေစပါးအထွက်နှုန်းမှာ ယခင်နှစ်ကထက် လယ်တစ်ဧကလျှင် တင်း ၂၀ ခန့် ပိုမိုထွက်ရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

ထိုသို့စပါးဈေးများ မြင့်တက်ခြင်းကြောင့် စပါးသစ်များ ထွက်ရှိလာသော်လည်း ဆန်ဈေးကွက်အတွင်း၌ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဆက်လက် မြင့်တက်နေခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

ယခုနှစ်နွေစပါးဈေးသည် တင်း ၁၀၀ လျှင် ကျပ် ၄၀၀,ဝ၀၀ မှ ၄၉၀,ဝ၀၀ ခန့်ရှိပြီး ယခင်နှစ်က တင်း ၁၀၀ လျှင် ကျပ် ၃၀၀,ဝ၀၀ မှ ၃၈၀,ဝ၀၀ ခန့်ဈေးရှိကြောင်း စပါးဈေးကွက်အတွင်းမှ သိရသည်။

S-04