News

POST TYPE

LATEST NEWS POST

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန်အတွက် နေရာသုံးခု သတ်မှတ်
19-Jul-2018 tagged as မြန်မာ တရုတ်

ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာ-တရုတ် ပူးပေါင်း အကောင်အထည်ဖော်မည့် နယ်စပ်စီးပွားရေးဇုန်သုံးခုကို နှစ်နိုင်ငံနယ်စပ်ချင်း ထိစပ်နေသော ရှမ်းပြည်နယ် ချင်းရွှေဟော်၊ မူဆယ်နှင့် ကချင်ပြည်နယ် ကန်ပိုက်တီးတို့တွင် တည်ထောင်ရန် ရွေးချယ်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ဇူလိုင်လဒုတိယ အပတ်အတွင်း ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယင်းနေရာများကို ရွေးချယ်သတ်မှတ်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းများအတွက် ၂၀၁၇ ခုနှစ် မေလအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်၌ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားပြီးဖြစ်ကာ နေရာသတ်မှတ်ပြီးပါက စီမံကိန်းများကို ယခု နှစ်ကုန်ပိုင်းတွင် အကောင်အထည်ဖော်နိုင်ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“အခုက နှစ်နိုင်ငံပူးပေါင်းပြီး ဆောင်ရွက်မယ့်ဇုန်နေရာကို နှစ်ဖက်သဘောတူညီဖို့ လုပ်နေတယ်။ အဲဒါ သဘောတူညီချက်ရပြီဆိုတာနဲ့ ကျန်တဲ့လုပ်ငန်းစဉ်တွေကို အဆင့်လိုက်ဆက်သွားမယ်။ စီမံကိန်းလုပ်ချင်တဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေ ခေါ်သွားမယ်”ဟု အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

ယင်းစီးပွားရေးဇုန်များ ဆောင်ရွက်လာနိုင်မည်ဆိုပါက နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးလာမည်ဖြစ်ပြီး ယင်းဒေသထဲတွင် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာမည်ဖြစ်ကာ ဒေသ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါစီးပွားရေးဇုန်များတွင် နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ခရီးသွားကဏ္ဍများနှင့် ယင်းဇုန်များကို အထောက်အကူပြုမည့် စက်မှုဇုန်များ ပါဝင်လာမည်ဖြစ်သည်။

J-01