POST TYPE

LATEST NEWS POST

ချောက်မြို့ ဖွံ့ဖြိုးတိုးတက်ရေး တိုင်းအစိုးရ ရန်ပုံငွေဖြင့် တစ်နှစ်လျှင် ကျပ်သိန်းတစ်ထောင်သုံး၍ လုပ်ဆောင်မည်
19-Jul-2018


ချောက်၊ ဇူလိုင် ၁၉

ယခုနှစ် ချောက်မြို့အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် မကွေးတိုင်းအစိုးရရန်ပုံငွေမှ လေးနှစ်စီမံကိန်းချ၍ တစ်နှစ်လျှင် ကျပ်သိန်းတစ်ထောင် အသုံးပြုပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဇူလိုင် ၁၉ ရက်နေ့က ချောက်မြို့၊ ပြည်သာယာခန်းမ၌ ပြုလုပ်သည့် ချောက်မြို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ယင်းဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။

“ခုတွေ့ဆုံပွဲက မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ရန် တိုင်းဒေသကြီး ရန်ပုံငွေ တစ်နှစ်ကို သိန်းတစ်ထောင် လေးနှစ်ဆိုတော့ သိန်းလေးထောင်ပေါ့။ ၂၀၁၈-၁၉ ကနေ ၂၀၂၁-၂၂ အထိ တည်ဆောက်ရေးလုပ်ငန်း ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာ။ လေးနှစ် စီမံကိန်းလုပ်ငန်းကို အားလုံးက သဘောတူတယ်”ဟု ယင်းမြို့၏ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနေမန်းက ပြောဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲ၏ အဓိက ဦးစားပေး လုပ်ငန်းစဉ်များသည် မြို့ကားကြီးကွင်းမြေနေရာ မြေကြီးပြုပြင်ခြင်းလုပ်ငန်း၊ မြို့ရေပေးဝေမှုလုပ်ငန်းကို လျှပ်စစ်မီး အမြဲရရှိရန် ဓာတ်အားကြိုး လိုင်းသွယ်တန်းရေးလုပ်ငန်း၊ အမှတ် (၁) နယ်မြေ ကျောက်တဲရပ်ကွက် ရေပေးဝေနိုင်ရေးလုပ်ငန်း၊ မြို့တိုးချဲ့ ချင်တောင်မ-လောပိတ လမ်းပိုင်း ပြုပြင်လမ်းခင်းခြင်းလုပ်ငန်း၊ ပျဉ်းမရပ်ကွက်အထွက်လမ်း တည်ဆောက်ခြင်း၊ ဂွေးပင်ကျေးရွာ ဈေးပြုပြင်ခြင်းလုပ်ငန်း၊ ဘူတာလမ်းနှင့် ကားကြီးကွင်း လမ်းပိုင်း မြေထိန်းနံရံနှင့် လမ်းခင်းခြင်းလုပ်ငန်းများကို နှစ်အလိုက် လေးနှစ်စီမံချက် လုပ်ငန်းစဉ်များဖြစ်ကြောင်း ၎င်းကဆိုသည်။

“အရင်ထက်စာရင် ကောင်းတယ်။ လုပ်ငန်းအတွက် အားနည်းသေးတယ်။ ကောင်းအောင်ကြိုးစားပါ။ ဘတ်ဂျက်ရအောင် ကျွန်တော်တို့ ကြိုးစားပေးမယ်။ တခြားမြို့တွေမှာ အမှိုက်ပုံတွေ အများကြီးရှိတယ်။ ဒီမြို့မှာ အမှိုက်ပုံ သိပ်မရှိဘူး”ဟု ယင်းမြို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ပြောဆိုသည်။

နေနိုင်(ချောက်)