POST TYPE

LATEST NEWS POST

မြစ်ငယ်လူစီးတွဲတည်ဆောက်ရေး စက်ရုံသစ်က ပထမဆုံးလူစီးရထားတွဲထုတ်
19-Jul-2018

ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာ့မီးရထားနှင့် တရုတ်နည်းပညာရှင် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက် လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး မြစ်ငယ်လူစီးတွဲသစ်တည်ဆောက်ရေး စက်ရုံသစ်အနေနှင့် ဇူလိုင်လ ၁၇ ရက်က အမေရိကန်ဒေါ်လာ လေးသိန်းကျော်တန်ဖိုးရှိ ပထမဆုံး CKD လူစီးတွဲသစ်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား (စက်မှုဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အမှန်တိုင်းပြောရရင် စက်ရုံသစ်က တည်ဆောက်လို့ မပြီးသေးဘူး။ လုပ်ငန်းလည်ပတ်လို့ရအောင် ထုတ်လုပ်တာနဲ့ တည်ဆောက်တာ လုပ်ငန်းနှစ်ခုကို တွဲလုပ်တာဖြစ်တယ်။ ပထမဆုံး စလုပ်တာမို့ သုံးလကျော်မှ တစ်တွဲထုတ်နိုင်တာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ CKD လူစီးတွဲသစ်ကို ဧပြီလက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ်တန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ လေးသိန်းကိုးသောင်းခန့်ရှိကာ ခရီးသည်ဦးရေ ၆၂ ဦး တင်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လက်ရှိ ထုတ်လုပ်ထားသည့်တွဲသစ်ကို မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ထည့်သွင်းရန်လျာထားပြီး နောက်ပိုင်းတွင် ဘဏ္ဍာငွေပေါ်မူတည်၍ တစ်လကို လူစီးတွဲ လေးတွဲ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြစ်ငယ်လူစီးတွဲ တည်ဆောက်ရေး စက်ရုံသစ်ကို မြန်မာ့မီးရထားနှင့် လေအိတ် လူစီးတွဲထုတ်လုပ်သည့် CRRC Sifang ကုမ္ပဏီတို့က ၂၀၁၅ ခုနှစ် ဇွန်လက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်ရန် ခန့်မှန်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူစီးတွဲ ၁၂၀၀ ခန့်ရှိပြီး ရထားစက်ခေါင်းလေးရာကျော်ရှိကာ လူစီးတွဲသစ်နှင့် ကုန်တွဲပြုပြင်ရေးလုပ်ငန်းကို လက်ရှိ မြစ်ငယ်လူစီးတွဲသစ်တည်ဆောက်ရေး စက်ရုံမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား၊ သတင်းပြန်ကြားရေးဌာန (အောက်မြန်မာပြည်)ထံမှ သိရသည်။

J-06