News

POST TYPE

LATEST NEWS POST

စိုးရိမ်ရေမှတ်ကျော်နေသော်လည်း တနင်္သာရီမြို့တွင် အာဇာနည်နေ့ အခမ်းအနားပွဲမပျက်
19-Jul-2018 tagged as


မြိတ်၊ ဇူလိုင် ၁၉

မြစ်ရေလွှမ်းမှုကြောင့် နေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရသော်လည်း ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တနင်္သာရီမြို့တွင် မပျက်မကွက် ပြုလုပ်ခဲ့သည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် တနင်္သာမြစ်ရေ စိုးရိမ်ရေမှတ်ကို ၁၇ ပေ၊ အန္တရာယ်ရေမှတ်ကို ၂၄ ပေ သတ်မှတ်ထားရာ ဇူလိုင်လ ၁၉ ရက်တွင် ၂၅ ပေကျော်အထိ မြှင့်တက်လာနေသည်။

မြစ်ရေလွှမ်းမှုကြောင့် ဇူလိုင်လ ၁၅ ရက်မှ ၁၈ ရက်အထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ခြေ ၁၉၅ အိမ်၊ အိမ်ထောင်စု ၂၀၆ စုမှ ကျား ၅၃၅၊ မ ၅၀၆ စုစုပေါင်း ၂၀၄၁ ဦးတို့အား ကယ်ဆယ်ရေးစခန်းများသို့ အရေးပေါ် ပြောင်းရွှေ့ထားရကာ စာသင်ကျောင်း ၃၀ ယာယီ ပိတ်ထားရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယင်းကဲ့သို့ အခြေအနေတွင် အာဇာနည်နေ့ အခမ်းအနားကို တနင်္သာရီမြို့ရှိ ဗိုလ်ချုပ်မြင်းစီးရုပ်ထုသို့ ချီတက်အလေးပြု၊ ပန်းခွေချခြင်းတို့အား ပြုလုပ်ခြင်းဖြစ်သည်။

“အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်အပေါ် စွန့်လွှတ်အနစ်နာခံပြီး တိုင်းပြည်လွတ်လပ်ရေးရတဲ့အထိ တိုင်အောင် အသက်ပေးဆပ်ခဲ့တဲ့ ကျေးဇူးတရားတွေကို မမေ့မလျော့ရအောင်ပါ”ဟု မြစ်ရေလွှမ်းနေသည့်ကြားထဲ ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အတွက် တနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

ယင်းသို့ကျင်းပခြင်းဖြင့် နောင်မျိုးဆက်သစ်လူငယ်တွေလည်း နိုင်ငံချစ်စိတ်၊ တိုင်းပြည်အပေါ် အနစ်နာခံသည့်စိတ်နှင့် အာဇာနည်သူရဲကောင်းများ၏စိတ်ဓာတ် ကိန်းအောင်းလာနိုင်မည်ဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

အာဇာနည်နေ့ အခမ်းအနားပြုလုပ်ရာ ဗိုလ်ချုပ်မြင်းစီးရုပ်ထုသို့ ချီတက်ရာတွင် မြစ်ရေထဲမှ ခြေလျင်ဖြင့်လည်းကောင်း လှေငယ်များဖြင့်လည်းကောင်း ချီတက်ခဲ့ကြကြောင်း မြို့ခံတစ်ချို့မှ သိရသည်။

တနင်္သာရီမြို့၏ အာဇာနည်နေ့ အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

Dawei Watch

  • TAGS