News

POST TYPE

LATEST NEWS POST

ရှစ်တန်းကျောင်းသား ဓာတ်လိုက်သေဆုံးမှု မိသားစုထံ တောင်းပန်ပြီးဟု ဝန်ကြီးဌာနပြော
ရန်ကုန်၊ ဇူလိုင် ၁၈

တောင်ဥက္ကလာပမြို့နယ်တွင် ရှစ်တန်းကျောင်းသားဓာတ်လိုက်သေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုယ်တိုင် မိသားစုအား တောင်းပန်ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားတွေ့ပြီးပါပြီ၊ သက်ဆိုင်ရာတာဝန်ရှိသူကိုအရေးယူဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့ထားပါတယ်။ ခုံရုံးကိစ္စတွေကတော့ ပြောလို့မရပါဘူး။ တာဝန်ရှိတဲ့သူကတော့ ကိုယ်ထိလက်ရောက် မိသားစုအိမ်ကိုသွားရောက်ပြီး တောင်းပန်ပြီးပါပြီ။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကိုတော့ လုပ်နေပါတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဆိုသည်။

အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် ဇူလိုင်လ ၁၃ ရက်က တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်တွင် မွန်းလွဲ ၃ နာရီခွဲ၌ လေပြင်းတိုက်၍ ရေအိုင်အတွင်း ပြတ်ကျခဲ့သည့် လျှပ်စစ်ဓာတ်ကြိုးတက်နင်းမိ၍ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူ၏ မိသားစုဝင်များနှင့် ပြည်သူများကို သက်ဆိုင်ရာဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် တရားဝင်တောင်းပန်ရန်နှင့် ယင်းဖြစ်စဉ်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူကို အရေးယူပေးရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက သဘောထားထုတ်ပြန်ထားပြီး ပြည်သူများကလည်း ယင်းသို့ပြုလုပ်သင့်ကြောင်း ဝေဖန်ပြောကြားမှုများရှိနေသည်။

“တရားဝင်တင်မကဘူး။ သွားပြီးတော့ ရှိခိုးမတောင်းပန်ရုံတစ်မည် အကုန်သွားပြီး တောင်းပန်ထားပြီးပါပြီ၊ အဲ့ဒါကတော့ (သတင်းစာကနေ တောင်းပန်ဖို့အတွက်) ပေါ်လစီကိစ္စဖြစ်နေတယ်။ ကျွန်တော် ရှင်းလို့မရဘူး။ မေးပေးပါမယ်။ မေးပေးပြီးတော့ ပြန်ပြောပါမယ်။ ရန်ကုန်မှာက ဥက္ကဋ္ဌတို့၊ ဝန်ကြီးဌာနတို့က ရှိသေးတယ်။ အများကြီးပဲ၊ သူတို့ရဲ့သဘောထားက ဘာမှန်းမသိသေးတော့ ယတိပြတ်ပြောလို့မရသေးပါဘူး”ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးသန့်စင်က ဆိုသည်။

သေဆုံးခဲ့သည့်မောင်မျိုးမင်းထွန်း၏ မိသားစုဝင်များထံ ရန်ကုန်လျှပ်စစ် ကော်ပိုရေးရှင်းတာဝန်ရှိသူများက ငွေ ကျပ် ၂၇ သိန်းကို ကူညီငွေအဖြစ်ပေးထားပြီး လက်ရှိတွင် ယင်းဖြစ်စဉ်အတွက်ခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် လျှပ်စစ်ဌာနမှူးထံမှ သိရသည်။

ဓာတ်လိုက်သေဆုံးသည့် ရှစ်တန်းကျောင်းသား၏နေအိမ်သို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် သွားရောက်ပြီး မိသားစုဝင်များ တောင်းဆိုသည့်အတိုင်း လိုက်လျောဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်ထံမှ သိရသည်။

သားဖြစ်သူဓာတ်လိုက်သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်ဆောင်ရွက်လိုခြင်းမရှိသော်လည်း နောင်တွင် အလားတူဖြစ်ရပ်မျိုး ထပ်မံမမြင်တွေ့လိုကြောင်း သေဆုံးခဲ့သည့် ရှစ်တန်း ကျောင်းသား၏ မိသားစုဝင်များက ပြောကြားထားသည်။ 

J-14