News

POST TYPE

LATEST NEWS POST

ကမ္ဘာ့ထိပ်တန်း ဝိုင်နှင့်ယမကာလုပ်ငန်း Pernod Ricard မြန်မာ့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ
ရန်ကုန်၊ ဇူလိုင် ၁၈

ဝိုင်နှင့် ယမကာလုပ်ငန်းတွင် ကမ္ဘာ့ ဒုတိယအကြီးဆုံး လုပ်ငန်းဖြစ်သော ပြင်သစ်အခြေစိုက် Pernod Ricard က ပြည်တွင်းကုမ္ပဏီသုံးခု ပေါင်းစပ်ထားသည့် AMDC ကုမ္ပဏီနှင့်ပူးပေါင်းကာ ပြည်တွင်း ယမကာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

အဆိုပါကုမ္ပဏီ၏ တိုက်ရိုက်လုပ်ငန်းခွဲများ တည်ထောင်ထားသည့် ၈၆ ခုမြောက်နိုင်ငံအဖြစ် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကုမ္ပဏီမိတ်ဆက်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအကျိုးတူ ပူးပေါင်း သဘောတူညီမှုများအရ ပြည်တွင်း ဝီစကီအမှတ်တံဆိပ်တစ်ခုဖြစ်သည့် High Class ကို ထုတ်လုပ်ရောင်းချသော AMDC ကုမ္ပဏီတွင် ပြင်သစ်ကုမ္ပဏီ Pernod Ricard အနေနှင့် ရှယ်ယာ အများဆုံး ပိုင်ဆိုင်လာမည်ဖြစ်ပြီး High Class ဝီစကီထုတ်လုပ်မှုအပြင် ဖြန့်ချိရေးကွန်ရက်နှင့် အမှတ်တံဆိပ်များ၏ စီမံခန့်ခွဲမှုကို Pernod Ricard ကုမ္ပဏီက ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“Pernod Ricard အနေနဲ့ မြန်မာ နိုင်ငံဈေးကွက်မှ Seagram's အမှတ်တံဆိပ် ထုတ်ကုန်တွေကိုလည်း မိတ်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်”ဟု Pernod Ricard Asia ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Philippe Guettat က ပြောကြားကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pernod Ricard ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဝိုင်နှင့် ယမကာကုမ္ပဏီဖြစ်ပြီး ပြည်ပထုတ်လုပ်သူအနေနှင့် ပြည်တွင်းဈေးကွက်သို့ ပထမဦးဆုံး တရားဝင် ရောက်ရှိလာသည့် နိုင်ငံခြား ကုမ္ပဏီဖြစ်ပြီး Chivas? Ballantine’s နှင့် Seagram’s အစရှိသည့် နာမည်ကြီး ဝီစကီအမှတ်တံဆိပ် ထုတ်လုပ်နေသည့်ကုမ္ပဏီဖြစ်သည်။

High Class အမှတ်တံဆိပ် ဝီစကီကို ထုတ်လုပ်နေသော Access Myanmar Distribution Company (AMDC) ကို လက်ရှိအချိန်တွင် ပြည်တွင်းကုမ္ပဏီများဖြစ်သော Yoma Strategic, Win Brother နှင့် Delta Capital Myanmar တို့က အကျိုးတူ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

ယခု ပြင်သစ်ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းများဖြစ်သော AMDC ၏ စီးပွားရေး လုပ်ငန်းများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အခြားလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ၂၀၁၉ ခုနှစ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

J-01