News

POST TYPE

LATEST NEWS POST

သစ်အချောထည်စက်ရုံ ၈၀ ရာခိုင်နှုန်းခန့် လုပ်ငန်းရပ်
ရန်ကုန်၊ ဇူလိုင် ၁၆

သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရန် အစိုးရက သစ်ထုတ်လုပ်မှု လျှော့ချလိုက်ခြင်းကြောင့် သစ်အချောထည်စက်ရုံများအတွက် ကုန်ကြမ်းရှားပါးပြီး ယခင်လုပ်ငန်းလည်ပတ်နေသော စက်ရုံအရေအတွက်၏ ၈၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

အစိုးရက လုပ်ငန်းရှင်များသို့ လေလံတင်ရောင်းချပေးသော သစ်အရေအတွက် လျော့နည်းလာခြင်းနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်ခြင်းတို့ကြောင့် ပြည်ပသို့ သစ်အချောထည်ထုတ်ကုန်များ ပြန်လည်တင်ပို့ရောင်းချမည့် စက်ရုံအနည်းငယ်သာ ကုန်ကြမ်းဝယ်ယူနိုင်တော့ကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

“နိုင်ငံခြားစက်ရုံတွေရော၊ ပြည်တွင်းစက်ရုံတွေရော ကုန်ကြမ်းမရတော့ တော်တော်ရပ်သွားပြီ။ အခုလုပ်ငန်းလည်နေတဲ့သူတွေကလည်း လက်ကျန်ကုန်ကြမ်းတွေ ရှိလို့သာ ဆက်လည်နိုင်နေတာ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

နိုင်ငံတကာတွင်လည်း သဘာဝမှရရှိသည့်သစ်ဖြင့် ထုတ်ကုန်များထုတ်လုပ်မှုကို လျှော့ချနေပြီဖြစ်ပြီး သစ်အခြေခံ ထုတ်ကုန်များနေရာတွင် စတီး၊ အလူမီနီယံအပြင် အခြားသစ်အစားထိုးပစ္စည်းများဖြင့် ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်လာကြပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ယခုအစိုးရလက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်လည်း သစ်ထုတ်လုပ်မှုကို လျှော့ချလိုက်ကြောင်း၊ ထို့ကြောင့် ကုန်ကြမ်းရရှိမှုနည်းပါးသွားခြင်းဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းအနေနှင့်လည်း ရှိနေသည့်သစ်များကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များသို့ လစဉ်လေလံစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည်က ပြောကြားသည်။

“ဟိုအရင်ခေတ်တုန်းကတော့ သစ်ထုတ်လုပ်မှုက အလွန်အကျွံထုတ်ခဲ့တာဆိုတော့ အခုအစိုးရသစ်လက်ထက်ရောက်ရော ၁၆-၁၇ ဘဏ္ဍာနှစ်မှာ သစ်လုံးဝ မထုတ်ဘူး။ ၁၇-၁၈ ပြန်ထုတ်တော့လည်း သစ်တောဦးစီးဌာနက ခွင့်ပြုပေးတဲ့ တန်ချိန်ထက်ကို လျှော့ထုတ်နေတယ်”ဟု ၎င်းက ဆိုသည်။

ယခင်က သစ်ထုတ်လုပ်မှုကို တစ်နှစ်လျှင် ကျွန်းသစ်တန်ချိန် သုံးသိန်းခွဲခန့်နှင့် သစ်မာထုတ်လုပ်မှုကို တန်ချိန် ၁၄ သိန်း မှ ၁၅ သိန်းအထိ အများအပြားထုတ်လုပ်ခဲ့ကြောင်း၊ သစ်ထုတ်လုပ်မှုကို လျှော့ချလိုက်ပြီးနောက်ပိုင်းတွင် ကျွန်းသစ်ကို တန်ချိန် တစ်သောင်းနှစ်ထောင်ခန့်နှင့် သစ်မာကို တန်ချိန်သုံးသိန်းခွဲခန့်သာ ထုတ်လုပ်တော့ကြောင်း မြန်မာ့သစ်လုပ်ငန်းထံမှသိရသည်။ 

“သူတို့မှာလည်း လက်ကျန်ကလည်း နည်းသွားတယ်။ ပြီးတော့ ဒေါ်လာဈေးကလည်း တက်နေတော့ သစ်မာတစ်တန်ကို သိန်း ၂၀ ၊ ၃၀ လောက်ဖြစ်နေတာ။ နိုင်ငံခြားပို့တဲ့ စက်ရုံအကြီးတွေလောက်ပဲ လုပ်နိုင်တယ်။ အများစုက မကိုက်တော့ဘူး”ဟု ပရိဘောဂ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်းတွင် သစ်တောထွက်ကုန်တင်ပို့မှုသည် ဆက်တိုက်ကျဆင်းသွားကြောင်း၊ ၂၀၁၂ ခုနှစ် မှ ၂၀၁၅ ခုနှစ်ကြား ဘဏ္ဍာနှစ်များတွင် သစ်တောထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်မှ သန်း ၉၀၀ ကျော်အထိရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနစ်ကြား ဘဏ္ဍာနှစ်များတွင် သစ်တောထွက်ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်သာ ရှိတော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

J-01