News

POST TYPE

LATEST NEWS POST

FMI လေကြောင်းလိုင်း ဇူလိုင် ၂၁ ရက်ကစ၍ ယာယီရပ်နားမည်
ရန်ကုန်၊ ဇူလိုင် ၁၆

ပြည်တွင်းခရီးစဉ်များကို ငါးနှစ်ခန့် ပျံသန်းပြေးဆွဲခဲ့သည့် FMI လေကြောင်းသည် ဇူလိုင်လ ၂၁ ရက်မှစ၍ ခရီးစဉ်များ ယာယီရပ်နားမည်ဖြစ်ကြောင်း လက်မှတ်အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

“ကျွန်တော်တို့ လက်မှတ်ကို ၂၀ရက် ထိပဲ ရောင်းလို့ရတော့မှာဖြစ်ပါတယ်။ ၂၁ ရက်ကစပြီး ယာယီရပ်နားမှာဖြစ်လို့ လက်မှတ်မရောင်းတော့ပါဘူး။ အခုလည်း လက်မှတ်တွေကုန်နေပြီ”ဟု Great Seven Star Travel & Tours ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်းသည် ခရီးစဉ်များကို ဇူလိုင်လ ၂၀ ရက်အထိ ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို မည်သည့်ရက်နေ့တွင် ပြန်လည်းရောင်းချရမည်ကို မသိရှိသေးကြောင်း လက်မှတ်အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

လက်ရှိတွင် ခရီးစဉ်များကို ယာယီရပ်နားခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း FMI တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်မည်ဖြစ်ကာ ခရီးစဉ်များကို မည်သည့်ရက်တွင် ပြန်လည်ပြေးဆွဲမည်ကို အသိပေးမည်ဖြစ်ကြောင်း ခရီးသည်တစ်ဦးက ပြောကြားသည်။

“ခရီးစဉ်တွေကို အသေးစိတ် ပြန်လည်ရေးဆွဲမှာဖြစ်လို့ ယာယီနားတာပါလို့ FMI မှ တာဝန်ရှိသူက ပြောတယ်”ဟု ၎င်းက ဆိုသည်။

FMI လေကြောင်းလိုင်းသည် နေပြည်တော်၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်ခရီးစဉ်များကို ပျံသန်းပြေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းလိုင်းအနေနှင့် ၂၀၁၄ခုနှစ်က စတင်၍ ပျံသန်းပြေးဆွဲခဲ့ပြီး ATR 72.600(XY-AMH) လေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

J-06