News

POST TYPE

LATEST NEWS POST

ဖားကန့်မြေပြိုမှု ဒဏ်ရာရသူ သုံးဦး ထပ်သေ၊ သေဆုံးသူ ၁၈ ဦးထိရှိ
15-Jul-2018

မြစ်ကြီးနား၊ ဇူလိုင် ၁၅

ဇူလိုင်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖားကန့်မြေပြိုကျမှုကြောင့် မြေပိကာ သေဆုံးသည့် ရေမဆေးကျောက် ရှာဖွေသူ ၁၅ ဦးအလောင်း ရှာတွေ့ခဲ့ပြီး ဖားကန့်ဆေးရုံ၌ တစ်ဦးသေဆုံးကာ မြစ်ကြီးနား ဆေးရုံပို့ဆောင်သည့် လမ်းခုလတ်၌ နှစ်ဦး ထပ်မံ သေဆုံးသည့်အတွက် သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီဖြစ်ကြောင်း အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ဆိတ်မူကျေးရွာအုပ်စု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တောင်ကမ်းပါးယံပြိုကျမှုကြောင့် မြေပိပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် မြေပြင်အနေအထားအရ ဆက်လက်ရှာဖွေခြင်းမပြုဘဲ ခေတ္တ ရပ်ဆိုင်းထားကြောင်း ယင်းဒေသတွင် ကူညီဆောင်ရွက်နေသည့်အဖွဲ့များထံမှ သိရသည်။

“ဒီနေ့(ဇူလိုင် ၁၅ရက်) မရှာဖြစ် တော့ဘူးလို့ သိရတယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

ယင်းသို့ တောင်ကမ်းပါးယံပြိုကျမှုကြောင့် ဒဏ်ရာရရှိသူ ၅၀ ဦးခန့် ရှိနေကြောင်း၊ လက်ရှိမှာ မိုးရွာသွန်းမှုကြောင့် ရှာဖွေရန် အခက်အခဲ ရှိနေခြင်းကြောင့် ရှာဖွေမှုကို ရပ်ဆိုင်းထားကာ ဆက်လက်၍ ရှာဖွေမှုရှိ မရှိကိုမူ မသိရှိရသေးကြောင်း ယင်းဒေသ၌ ကူညီဆောင်ရွက်ပေးနေသူ ဦးထွန်းထွန်းက ပြောကြားသည်။

“အဲဒီမှာ ဆင်းလို့လည်းမရဘူး။ ရွှံ့တွေ၊ ရေတွေနဲ့ဆိုတော့ ဆယ်လို့မလွယ်ဘူးလေ”ဟု ၎င်းက ဆိုသည်။

အဆိုပါ မြေပြိုသည့်နေရာသည် မိုးရွာသွန်းနေမှုကြောင့် မြေမှာအက်ကြောင်းများ ပေါ်နေခြင်း၊ ရွှံ့နှင့် မြေပျော့ခြင်းကြောင့် ရှာဖွေရေး လုပ်ဆောင်ရာတွင် အန္တရာယ်ရှိနိုင်သည့်အတွက် ရှာဖွေရေးရပ်ဆိုင်းထားခြင်းဖြစ်ပြီး ဆက်လက်ရှာဖွေရန်လည်း မသေချာကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကောင်းစံက ပြောကြားသည်။

“ဆက်ရှာဖို့ကတော့ မနေ့ကတည်းကကို အစီအစဉ် မရှိလောက်တော့ပါဘူး။ အခု မိုးရွာတော့ ပိုဆိုးတယ်လေ။ အက်ကြောင်းကြီးတွေက ပြန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာကယ်ဆယ်ရေးတွေ သွားတဲ့လူတွေ အန္တရာယ်ရှိတယ်လေ”ဟု ၎င်းကဆိုသည်။


အဆိုပါ မြေပြိုမှုကြောင့် သေဆုံးသူ အများစုရှိခဲ့ပြီး ဒဏ်ရာရရှိသူများတွင် ဖားကန့်ဆေးရုံ၌ ၁၀ ဦး၊ မြစ်ကြီးနားဆေးရုံ၌ ၉ ဦး၊ လုံးခင်းဆေးရုံ၌ ၁၉ ဦး ဆေးကုသမှုခံယူနေကြောင်း၊ အချို့မှာ ဒဏ်ရာသက်သာ၍ ပြန်ဆင်းသွားသူများလည်းရှိကြောင်း ဖားကန့်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးက ပြောသည်။

သေဆုံးသူ အရေအတွက် ထပ်တိုးလာမှုနှင့်ပတ်သက်ပြီး ဖားကန့်မြို့မစခန်းအနေနှင့် လတ်တလော အတည်ပြုနိုင်ခြင်းမရှိကြောင်း The Voice Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။

ယင်းမြေပြိုမှုကြောင့် လူတစ်ရာခန့် သေဆုံးနိုင်သည်ဟု အနီးနားဝန်းကျင်မှ ဒေသခံများ၏ အဆိုအရသိရပြီး သေဆုံးမှု စာရင်းအတိအကျကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ၌ ယခုနှစ်အတွင်း မြေပြိုကျမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အများအပြား သေဆုံးခဲ့သည်။

R-06