News

POST TYPE

LATEST NEWS POST

နေပြည်တော်တွင် ကုလသမဂ္ဂအထောက်အကူပြုရုံး ဖွင့်
ရန်ကုန်၊ ဇူလိုင် ၁၂

နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ UMFCCI ရုံးအနီး၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထောက်အကူပြုရုံးကို ဇူလိုင်လ ၁၁ ရက် ညနေပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဆိုသည်။

“မူလသဘောတူထားတဲ့အတိုင်း ဖွင့်ခဲ့တာပါ။ ကုလသမဂ္ဂရုံးကတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုလုပ်ငန်းတွေ လုပ်မှာပေါ့”ဟု ၎င်းက ဆိုသည်။

ယခုနှစ်ဇွန်လက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှယန်နာဘာဂီနာ၏ ဆယ်ရက်ကြာခရီးစဉ်အပြီးတွင် ကုလသမဂ္ဂဆိုင်ရာ အထောက်အကူပြုရုံးကို နေပြည်တော်၌ ဖွင့်ခွင့်ပေးရန် မြန်မာအစိုးရက သဘောတူညီခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက်က ဖွင့်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအထောက်အကူပြုရုံးအနေနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ကူညီဆောင်ရွက်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကုလသမဂ္ဂဆိုင်ရာ အခြေစိုက်ရုံး၌ ဝန်ထမ်းခန့်အပ်မှုဆိုင်ရာ အစီအစဉ်မှာ ယင်းအဖွဲ့အစည်း၏ လုပ်ထုံးလုပ်နည်းနှင့်သာ သက်ဆိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း ၁၇ ဖွဲ့ရှိသည့်အနက် ၁၂ ဖွဲ့၏ ရုံးများကို နေပြည်တော်၌ ဖွင့်လှစ်ထားကြောင်းနှင့် အဆိုပါကုလသမဂ္ဂရုံးဖွင့်ပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအပါအဝင် နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

J-17